ရယ်စရာလေးတစ်ခု

မနေ့တနေ့က ကျွန်တော်ကျောင်းက food court 4 မှာနေ့လည်စာစားပြီး စာကြည့်တိုက်သို့ ထွက်လာခဲ့ပါတယ်။
ကျောင်းကြီးက ပိတ်ထားတော့ တိတ်ဆိတ်ပြီး ခြောက်ကပ်နေတဲ့အပြင် နေကလည်း အရမ်းကိုသာနေတာ ကော်ဖီအေးခွက်ကို ကိုင်ပြီး တစ်လှမ်းချင်း လမ်းလျှောက်ရင်း အထီးကျန်သလို ခံစားမှုမျိုးတော့ ရပါရဲ့ ဒါပေမယ့် ကွန်ကရစ်ခင်းထားတဲ့ လမ်းမပေါ်မှာ ဘေးမှာ ကားအနည်းငယ် ရပ်ထားတဲ့ လမ်းမအလယ်မှာ လျှောက်နေရတာ အထီးကျန်မှုကို အပြည့်အဝ မခံစားရသလို ဖြစ်နေလေရော။
စိတ်ထဲကလည်း အခုလို တိတ်ဆိတ်မှုမျိုး အခုလိုပူပြင်းတဲ့ ရာသီဥတုမျိုးမှာ သစ်ပင်တွေ စီစရီပေါက်နေတဲ့ မြေနီလမ်းကျဉ်းလေးမှာ တစ်ယောက်တည်း လမ်းလျှောက်ရလျှင် အထီးကျန်မှုကို အပြည့်အဝခံစားလို့ ရမှာဘဲလို့ တွေးနေခဲ့မိပါတယ်။
ထိုကဲ့သို့ မပီပြင်လှသော အထီးကျန်မှုကို ခံစားရင်း လမ်းလျှောက်နေတုန်း ကျွန်တော့်ခေါင်းပေါ်သို့ စွယ်တော်ရွက်လေးတစ်ရွက် ကြွေကျလာပါတယ်။
ကျွန်တော့်နားထဲမှာ ချက်ချင်းပဲ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တယ် ဆိုတဲ့ စကားသံကြားမိပြီး အနည်းငယ်ရယ်မိပါတယ်။
ကြားဖန်များလို့သာ သိတာပါ ဒါပေမယ့် စွယ်တော်ရွက်ကို ဘာလို့ အဲ့လိုပြောကြလဲဆိုတာ သေချာမတွေးမိပါဘူး။
ဘာကြောင့်ရယ်တာလဲ ဆိုတော့ ငယ်ငယ်က သူငယ်ချင်းသုံးယောက် စွယ်တော်ရွက်သုံးရွက်ကို သက်သေပြုပြီး အချစ်ဆုံးသူငယ်ချင်း အမြဲတမ်းဖြစ်ကြမယ် ဆိုပြီး အရူးထခဲ့ဖူးတာကို သတိရမိလို့ပါ။
သိပ်မကြာပါဘူး။
အဲ့ထဲက သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်တော့ သူက အဲ့ဒီစွယ်တော်ရွက်အကြောင်း လာမေးတယ်။
ကျွန်တော်လည်း တော်ကြာသိမ်းထားသေးရင် သူ့ကိုယ့်သူ အထင်ကြီးသွားမှာ စိုးလို့ ငါအဲ့တုန်းက နောက်တာ တကယ်မဟုတ်ဘူးလို့ ပြီးတော့စွယ်တော်ရွက်ကလည်း ဘယ်ပျောက်သွားမှန်း မသိတော့ဘူးဆိုပြီး လိမ်ပြောပစ်လိုက်တာ။ သူကလည်း အော်ကျွန်တော်တောင် ပျောက်သွားပြီဥစ္စာ။
သူကအခုထိ သိမ်းထားသေးတယ်ဆိုရင် ကျွန်တော်ကကျောသွားမှာ ကြောက်လို့ဆိုပြီး အေးငါလည်းအတူတူပဲတဲ့။
အဲ့တော့ ကျွန်တော်က သူလိမ်ပြောနေမှန်းလဲ မသိဘူးလေ။
သူလည်း ကျွန်တော်လိမ်ပြောနေမှန်း မသိတော့။
အဲ့နေ့ အိမ်ပြန်ရောက်ရောက်ချင်း နှစ်ယောက်စလုံး စွယ်တော်ရွက်ခြောက်လေးနှစ်ရွက်ကို ဖျက်ဆီးပစ်လိုက်ကြတာ။
နောက်ပြန်တည့်သွားတော့ အဲ့အကြောင်း ပြန်ပြောပစ်တော့မှ သိကြတာ။
အဲ့နေ့မတိုင်ခင်အထိ စွယ်တော်ရွက်ခြောက်နှစ်ရွက်က အိမ်နှစ်အိမ်ရဲ့ ဘုရားစဉ်နှစ်ခုအပေါ်မှာ သေသေချာချာ သိမ်းထားကြတယ် ဆိုတာကိုလေ။
ရယ်တော့ ရယ်ရတယ်နော် လူတွေ...

အမြဲလေးစားလျှက်
စိုးမိုးသိန်း

Comments

Popular posts from this blog

အပြစ်ဟူသည်

ဘဝဟာ တည့်တည့်ကလေးထောင်ထားတဲ့ လောင်ကျွမ်းနေသော စီးကရက်လေးတစ်လိပ်

ကိုဗစ်ကာလ အလုပ်တွေကများ