ဆုတောင်းခြင်း

 တနေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ကြရင်း သူက ဗုဒ္ဓဘာသာမှာ ဆုတောင်းတာမရှိဘူး ဆုတောင်းလည်း မပြည့်ဘူးလို့ ပြောပါတယ်။ ကျွန်တော်လည်း အဲ့တုန်းက ဘာပြန်ပြောရမှန်း မသိဖြစ်သွားတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဆုတောင်းတာကို မယုံဘူး။ ဆုတောင်းတာနဲ့ ပတ်သက်ပြီး သေချာလည်း မစဉ်းစားဖူးဘူး။ သူမေးမှပဲ စဉ်းစား ဖြစ်တော့တယ်။ ဆုတောင်းတာကို အဓိပ္ပာယ်ဖွင့်လိုက်တော့ ဆု နဲ့ တောင်းတာဆိုပြီး ရပါတယ်။ တောင်းတာကတော့ လူတိုင်း တောင်းဖူးပါတယ်နော်။ တောင်းတယ်ဆို့တာ ပေးတဲ့လူရှိမှ တောင်းလို့ရပါတယ်။ အဲ့ဒီတော့ ဆုရယ် ဆုတောင်းတဲ့သူရယ်  တောင်းတာရယ် ပေးတဲ့သူရယ် ဆိုပြီးလေးမျိုး ထွက်လာပါတယ်နော်။ ဆုတောင်းတဲ့သူက လိုချင်တာရှိလို့ ဆုပေးတဲ့သူဆီက ဆုတောင်းပါတယ်။ ဆု ဆိုတာကို အဓိပ္ပာယ်ဖွင့်ပါမယ်။ ကျောင်းသားတစ်ယောက် ပထမရတယ် ဆိုကြပါစို့။ ကျောင်းအုပ်ကြီးက အဲ့ကျောင်းသားကို ပထမဆုအနေနဲ့ ရွှေတံဆိပ်ဆုချပါတယ်။ အဲ့တော့ ဆု နှစ်မျိုးထွက်လာပါတယ်။ ပထမရခြင်းဆိုတာနဲ့ ပထမရခြင်းကို အသိအမှတ်ပြုတဲ့ ရွှေတံဆိပ်ဆု။ ပုံမှန်ကြည့်ရင်တော့ နှစ်မျိုးလုံးဆု ပါပဲ။ သေချာစဉ်းစားရင် အတု နဲ့ အစစ် ဆိုပြီးနှစ်ခု ကွဲနေပါတယ်။ ရွှေတံဆိပ်ဆု ဆိုတာ ပထမရခြင်းကို အသိအမှတ်ပြုထားတာပါ။ ပထမရခြင်းက အသိအမှတ်ပြုခြင်း ခံထားရတာပါ။ ပိုပြီးနားလည်သွားအောင် ဥပမာပေးပါဦးမယ်။ အပြေးပြိုင်ပွဲတစ်ခုမှာ ဘယ်လောက်အကွာအဝေးကို ဘယ်အချိန်အတွင်း ပြေးနိုင်တဲ့သူကို ဒေါ်လာတစ်ထောင်ပေးမယ်ဆိုပါစို့။ အများအမြင်တော့ ဒေါ်လာတစ်ထောင်ကို ဆုအနေနဲ့ ပိုပြီးလက်ခံပါလိမ့်မယ်။ အမှန်တော့ ငွေတစ်ထောင်ဟာ ဆု အစစ်မဟုတ်ပါဘူး။ မိမိမှာ သတ်မှတ်ထားတဲ့ အတိုင်းပြေးနိုင်တဲ့ အရည်အချင်းရှိခြင်းကသာ ဆု အစစ်ဖြစ်ပါတယ်။ ဆုတောင်းတဲ့သူလည်း ဆုအစစ် တောင်းသူနဲ့ ဆုအတု တောင်းသူဆိုပြီး နှစ်မျိုးရှိပါတယ်။ သူဋ္ဌေးဖြစ်ရပါလို၏ လို့ဆုတောင်းကြပါတယ်။ ချမ်းသာချင်တာလား သူဋ္ဌေးဖြစ်ချင်တာလား။ သေချာစဉ်းစားရင် နှစ်မျိုးက မတူပါဘူး။ ချမ်းသာချင်တဲ့သူက သူဋ္ဌေးလိုနေချင် စားချင် သောက်ချင်ပေမယ့် သူဋ္ဌေးလို အပင်ပန်းခံ စိတ်ဒုက္ခအရောက်ခံဖို့ကျတော့ မဖြစ်ချင်ကြပါဘူး။ သူဋ္ဌေးဖြစ်ချင်တဲ့သူက သူဋ္ဌေးလို နေချင် စားချင် သောက်ချင်တာတင်မက သူဋ္ဌေးလိုလည်း အပင်ပန်းခံ စိတ်ဒုက္ခအရောက်ခံနိုင်ရပါတယ်။ တောင်း တာနဲ့ပတ်သက်ပြီး နည်းနည်းပြောပါမယ်။ တောင်း တာရဲ့ရည်ရွယ်ချက်က ရ ဖို့ပါ။ တောင်း တာကို အမြင့်ဆုံး နဲ့ အနိမ့်ဆုံး ဆိုပြီး ရ နိုင်ချေရှိမှု အနည်းအများပေါ်မူတည်ပြီး အဆင့်ခွဲနိုင်ပါတယ်။ အနိမ့်ဆုံးက သူတောင်းစားတောင်းခြင်းပါ။ သူ ရချင်လည်း ရမယ် မရချင်လည်း မရဘူး။ ရ မယ်လို့ သေချာပေါက် ပြောလို့ကို မရပါဘူး။ ရ မယ်လို့ သေချာပေါက်ပြောနိုင်လာလေလေ တောင်းခြင်း အဆင့်မြင့်လာလေဖြစ်ပါတယ်။ ဘုရင်တစ်ပါးက သာမန်ပြည်သူတစ်ယောက်ရှိက သမီးတစ်ယောက်ကို တောင်းတယ် ဆိုရင် ရဖို့သေချာပါတယ်။ သူကတော့ တောင်းခြင်း အဆင့်အမြင့်ဆုံးလို့ သတ်မှတ်နိုင်ပါတယ်။ သူငယ်ချင်းအချင်းချင်း အကူအညီတောင်းတာမျိုးကျတော့ တောင်းခြင်းအလည်အလတ်လောက် သွားကြမှာပေါ့။ တောင်းတဲ့သူရဲ့ အဆင့်အတန်းပေါ်မူတည်ပြီး တောင်းခြင်းအဆင့်အတန်း ကွဲပြားသွားတာပါ။ အဆင့်အတန်းဆိုတာ လူနေမှုအဆင့်အတန်းကို ပြောတာမဟုတ်ပါဘူး။ တောင်းတဲ့သူရဲ့ တောင်းတာကို ရနိုင်တဲ့ အခြေအနေပါ။ တောင်း တာကို အတောင်းခံရတဲ့ ပေးတဲ့သူ ပေါ်မူတည်ပြီး အမျိုးအစားခွဲနိုင်ပါတယ်။ ပေးနိုင်တဲ့သူဆီကတောင်းခြင်းနဲ့ မပေးနိုင်တဲ့သူဆီကတောင်းခြင်းပါ။ ပေးနိုင်တဲ့သူဆီက တောင်းခြင်းကတော့ လူတိုင်းနားလည်ပါတယ်။ မပေးနိုင်တဲ့သူဆီက တောင်းခြင်းကိုရှင်းချင်ပါတယ်။ တောင်းတဲ့သူက မပေးနိုင်တဲ့သူမှန်း မသိလို့ ပေးနိုင်တဲ့သူထင်လို့ တောင်းတာရယ်။ မပေးနိုင်တဲ့သူမှန်းသိရက် တောင်းတာရယ်။ ဥပမာပေးရရင် သူငယ်ချင်းတစ်ယောက်က ခဲဖျက်ကို သူ့ဘေးက သူငယ်ချင်းဆီက တောင်းတယ်။ ဒါပေမယ့် ဘေးက သူငယ်ချင်းကလည်း ခဲဖျက်ပါမလာဘူး။ သူက ရှိမယ်ထင်လို့ တောင်းတာ မရှိဖူးဆိုတော့ ဘာတတ်နိုင်မတုန်း။ မရဘူးပေါ့။ မပေးနိုင်တဲ့သူမှန်းသိရက် တောင်းတာကျတော့ သတိပေးခြင်းတစ်မျိုးပေါ့။ ရနိုင်ချေရှိလို့ နောင်တချိန်ချိန်မှာ ရဖို့တောင်းတာမျိုးပေါ့။ ဥပမာ အိမ်ရှင်တစ်ယောက်က လကုန်တဲ့ရက်မှာ သူငှားထားတဲ့ အိမ်ငှားဆီက အိမ်လခသွားတောင်းတယ် ဆိုပါစို့။ အိမ်ငှားတဲ့သူက လကုန်ပြီး တပတ်လောက်မှ ပေးနေကျ လခကလည်း လကုန်ပြီးချင်း ချက်ချင်းရတာမဟုတ်ဘူး။ အဲ့တာကို အိမ်ရှင်ကလည်းသိတယ်။ ဒါပေမယ့် လကုန်တော့သွားတောင်းတယ်ဆိုရင် အဲ့ဒါသွားပြီး အိမ်ငှားကို သတိပေးတာ။ သူအခု မပေးနိုင်မှန်းသိရက်နဲ့ သွားတောင်တာ နောင်ပေးနိုင်ရင် ပေးအောင်လို့ သွားပြီး သတိပေးတာပေါ့။ သူက အဆင့်အတန်းအနေနဲ့ ကြည့်ရင် တောင်းခြင်းအဆင့်အတန်းမြင့်တယ်။ ဘာလို့လဲဆိုတော့ သူက အိမ်ရှင်ဆိုတဲ့ရနိုင်တဲ့ အခြေအနေရှိတယ်။ တောင်းတာရဲ့ ရည်ရွယ်ချက်က ရဖို့ပါလို့ပြောခဲ့ပါတယ်။ ရ ချင်တာ နှစ်မျိုးရှိပါတယ်။ ဆန္ဒနှင့်ရချင်မှု နဲ့ လောဘနှင့်ရလိုမှု ပါ။ နှစ်မျိုးစလုံး ဒီဂရီရှိပါတယ်။ ဆန္ဒအပြင်းထန်ဆုံးနဲ့ရချင်မှု လောဘအပြင်းထန်ဆုံးနဲ့ရလိုမှု။ ဆန္ဒ နဲ့ လောဘ အကြောင်းဆက်ပြောပါမယ်။ ဆန္ဒ ဆိုတာ မေတ္တာ ကရုဏာနဲ့ ယှဉ်ပါတယ်။ မေတ္တာ ဆိုတာ ကောင်းတာဖြစ်စေချင်တာပါ။ ကရုဏာ ဆိုတာ မကောင်းတာမဖြစ်စေချင်တာပါ။ အဲ့တော့ ဆန္ဒ ဟာ ပရဟိတ နဲ့ယှဉ်ပါတယ်။ လောဘ ဟာ အတ္တဟိတနဲ့ ယှဉ်ပါတယ်။ ဆရာဝန်ကြီးဖြစ်ချင်တယ်။ ဆရာဝန်ကြီးဖြစ်ရင် လူနာတွေကို သေမင်းလက်က ကယ်နိုင်မယ် ဆိုရင် ဆရာဝန်ကြီးဖြစ်ချင်တယ်ဆိုတာ ဆန္ဒဖြစ်ပါတယ်။ ဒါမှမဟုတ် ဆရာဝန်ကြီးဖြစ်ချင်တယ်။ ဆရာဝန်ကြီးဖြစ်ရင် ဝင်ငွေကောင်းတယ်။ လူလေးစားခံရတယ် ဆိုရင် ဆရာဝန်ကြီးဖြစ်ချင်တယ်ဆိုတာ လောဘဖြစ်ပါတယ်။ လူတော်တော်များများ ရ ချင်တာအမျိုးအစား နှစ်မျိုးလုံးရောနေကြပါတယ်။ ဆန္ဒ များပြီး လောဘနည်းရင် သူတော်ကောင်းတရား ၇ ပါးအားကောင်းပါတယ်။ ဆန္ဒနည်းပြီး လောဘများရင် သူတော်ကောင်းတရား ၇ ပါးအားနည်းပါတယ်။ အထင်ရှားဆုံးသူတော်ကောင်းတရား ၂ ပါးကိုထုတ်ပြပါမယ်။ ဟီရိနဲ့သြတပ္ပ မကောင်းမှုပြုရမှာကို ရှက်ခြင်းနဲ့ကြောက်ခြင်းပါ။ ဆန္ဒ များရင် မကောင်းမှုပြုရမှာကို အရမ်းရှက် အရမ်းကြောက်ပါတယ်။ လောဘများရင် မကောင်းမှုပြုရမှာကို မရှက် မကြောက်တော့ပါဘူး။ ဆုပေး တဲ့သူအကြောင်းပြောပါမယ်။ ဆုပေးတဲ့သူက ဆုအမျိုးအစားပေါ်မူတည်ပြီး ဆုအစစ်ပေးတဲ့သူရယ် ဆုအတုပေးတဲ့သူရယ် ဆိုပြီးနှစ်မျိုးရှိပါတယ်။ အထက်ကဖော်ပြခဲ့တဲ့ ဥပမာပဲထပ်သုံးပါမယ်။ ပထမရတဲ့ ကျောင်းသားကို ပထမဆုပေးတဲ့ ကျောင်းအုပ်ကြီးက ဆုအတုပေးတဲ့သူပါ။ အဲ့ဒီကျောင်းသား ပထမရအောင် ဆုံးမသွန်သင်ပြီး စာသင်ကြားပို့ချပေးခဲ့တဲ့ ဆရာ၊ဆရာမတွေက ဆုအစစ်ပေးသူတွေဖြစ်ပါတယ်။ ဆုအတုပေးရတာ လွယ်ပါတယ်။ ကျွန်တော့ကို ကျွန်တော်မသိတဲ့ သူတစ်ယောက်က လမ်းမှာတွေ့ရင်း ၁၀ ဒေါ်လာလာတောင်းရင် ကျွန်တော့ပိုက်ဆံအိတ်ထဲမှာလည်းရှိခဲ့ရင် ပေးချင်တဲ့စိတ်လည်း ဖြစ်ခဲ့ရင် ကျွန်တော်ပေးမိမှာပါ။ ဒါပေမယ့် အဲ့ဒီ ၁၀ ဒေါ်လာရလာအောင် ခုလိုမတောင်းပဲနဲ့ ဘယ်လိုလုပ်ရမလဲလို့လာမေးရင် တော်တော်ဖြေရကျပ်သွားမှာပါ။ ဆုအစစ်ကိုပေးဖို့ မလွယ်ပါဘူး။ ကိုယ်ကိုတိုင် ရယူခဲ့ဘူးသူ မဟုတ်ခဲ့ရင် ဆုအစစ်ပေးဖို့ တော်တော်မလွယ်ပါဘူး။ ဘာသာခြားတွေက ပြောကြပါလိမ့်မယ်။ သူတို့ဘုရားက ဘာပေးနိုင်တယ် ညာပေးနိုင်တယ်ဆိုပြီး။ ကျွန်တော် မယုံဘူးလို့ မပြောပါဘူး။ ကျွန်တော်လို သာမန်လူတစ်ယောက်တောင် အခြားသာမန်လူတစ်ယောက်ရဲ့ ဆုဖြစ်တဲ့ ၁၀ ဒေါ်လာကို အလွယ်တကူပေးနိုင်တယ်ဆိုရင် လူပေါင်းမြောက်များစွာ ကိုးကွယ်အားထားပြီး ဆုတောင်းနေကျတဲ့ ဘုရားတစ်ဆူက ထိုလူပေါင်းမြောက်များစွာရဲ့ ဆုကိုပေးနိုင်တယ်ဆိုတာ ဖြစ်နိုင်ချေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်သူတောင်းစားလိုမျိုး ရမှန်းမသိ မရမှန်းမသိ မတောင်းချင်ပါဘူး။ ကျွန်တော် ဗုဒ္ဓကို ယုံကြည်ပါတယ်။ လေးစားပါတယ်။ ဒါပေမယ့် မကိုးကွယ်ပါဘူး။ ကိုးကွယ်တယ်ဆိုတာ အားကိုးခြင်းနဲ့ ဘေးအန္တရယ်မှ အကာအကွယ်ယူခြင်းကို ပြောတာပါ။ ဗုဒ္ဓကိုယ်တော်တိုင်လည်း အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုပြီး ဟောတော်မူခဲ့ပါတယ်။ သူ့ကိုယုံကြည်လေးစားတဲ့ အနေနဲ့ ကိုယ့်ကိုယ်ကိုပဲ အားကိုးပါတယ်။ အန္တရယ်မဖြစ်အောင်လည်း ကာကွယ်ပါတယ်။ Facebook က comment တစ်ခုတွေ့လိုက်တယ်။ သူက သြကာသပြီး နောက်အပိုဒ်ကို မဆိုဘူးတဲ့။ နောက်အပိုဒ်က ဆုတောင်းခန်းလေ။ “ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး…” ဆိုပြီး “နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား” ဆိုပြီး ဆုံးသွားတဲ့အပိုဒ် အဲ့အပိုဒ်ကို မဆိုဘူးတဲ့။ ဘာမှမဝေဖန် လိုပါဘူး။ ဘုရားရှိခိုးတယ်ဆိုရင် တော်တော်ကောင်းနေပြီ။ ကျွန်တော်ဆို ပုံမှန်တောင်မရှိခိုးဖြစ်ဘူး။ ဘုရားပရိနိဗ္ဗာန်စံသွားတာ ကြာပြီ။ ဘာမှမလုပ်ပေးနိုင်တော့ဘူး။ အဲ့တာကို ရှေးရှေးဆရာတော်ကြီးတွေကလည်း သိပါတယ်။ သိရက်နဲ့ ဘာလို့ဆုတောင်းခန်းထည့်ထားရတာတုန်း။ အဲ့ဒါကိုသေချာစဉ်းစားကြည့်ရပါမယ်။ တောင်းတယ်ဆိုတာ ရချင်လို့ပါလို့ပြောခဲ့ပါတယ်။ နိဗ္ဗာန်ဆုကို ရချင်လာအောင်လို့ တောင်းခိုင်းတာပါ။ ဖြစ်သင့်တာတော့ ရချင်လို့ တောင်းတာကောင်းတာပေါ့။ ဒါပေမယ့်အဲ့ဒီအပိုဒ်သာ မထည့်ခဲ့ရင် ဗုဒ္ဓဘာသာအများစု နိဗ္ဗာန်ဆိုတာတောင်ဘာမှန်း သိကြမှာ မဟုတ်တော့ပါဘူး။ အခုထည့်ထားတဲ့အတွက် အနည်းဆုံး ငါတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဆိုတာ နိဗ္ဗာန်မှန်း ကြားဖူးနားဝရှိနေကြခြင်းဖြစ်ပါတယ်။ ပန်းတိုင်မေ့မသွားအောင် သတိပေးထားခြင်းဖြစ်ပါတယ်။ နိဗ္ဗာန်ဆုကို မတောင်းခင် သံသရာမှာ လည်ပတ်ရခြင်းရဲ့ ကြောက်မက်ဖွယ်ရာ တွေကိုလည်း ဖော်ပြထားခဲ့ပါတယ်။ “အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါး ဝိပတ္တိတရားလေးပါး ဗျသနတရားငါးပါး တို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်း၍” အဲ့တာတွေ ရွတ်ဆိုလိုက်တဲ့ အချိန်မှာ အဲ့ဒီဒုက္ခတွေကို ကြောက်လာအောင် ကြောက်ချင်စိတ်ဖြစ်အောင် အဲ့ဒီစိတ်မှတဆင့် အဲ့ဒီဒုက္ခတွေမှ လွတ်ချင်လာအောင် လွတ်ချင်စိတ်ဖြစ်လာအောင် အဲ့ဒီလိုစိတ်တွေမှတဆင့် နိဗ္ဗာန်ရချင်လာအောင် ရချင်စိတ်ဖြစ်လာအောင် ထည့်သွင်းထားခြင်းဖြစ်တယ်လို့ ထင်မိပါတယ်။ ရည်ရွယ်ချက် ပန်းတိုင်ကို မမေ့ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ရည်ရွယ်ချက်ပန်းတိုင်ကို သိရပါမယ်။ သိပြီးတော့ မမေ့ပါနဲ့။ ကြိုးစားအားထုတ်မှု မလျော့ပါနဲ့။ ပေါ့ပေါ့ မလုပ်ပါနဲ့(အလေးအနက်ထားလုပ်ပါ)။ ချိန်ချိန်ဆဆနဲ့ သေချာမသိဘဲမလုပ်ပါနဲ့ သေသေချာချာသိအောင် အရင်ကြိုးစားပြီးမှလုပ်ပါ။ မမေ့မလျော့မပေါ့မဆ လုပ်ပါက သင်လိုချင်ရာပန်းတိုင်ကို ရဖို့တောင်းနေစရာ မလိုပါဘူး။ အချိန်အတိုင်းအတာ တစ်ခုကြာလျှင် ရမှာ အမှန်ပင်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ ဆုတောင်းခြင်းဟာ ဆုအစစ်ကိုတောင်းခြင်းဖြစ်သင့်ပါတယ်။ တောင်းခြင်းခံရတဲ့သူကလည်း အစစ်ပေးတဲ့သူဖြစ်သင့်ပါတယ်။ တောင်းခြင်းအဆင့်အတန်းကလည်း မြင့်သင့်ပါတယ်။ ရလိုမှုဟာလည်း ပရဟိတကို အခြေခံတဲ့ ဆန္ဒဦးဆောင်သင့်ပါတယ်။ ရလိုမှုအားလည်းကောင်းသင့်ပါတယ်။ နောက်ဆုံးဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ဆုတောင်းခြင်း ဟာရည်ရွယ်ချက်ကို မမေ့အောင်လို့ ဆုတောင်းတဲ့ ဆုတောင်းခြင်းမျိုးဖြစ်သင့်ပါတယ်။

အမြဲလေးစားလျှက်

စိုးမိုးသိန်း

Comments

Popular posts from this blog

အပြစ်ဟူသည်

The awakening of a society

Travel Diary 1.5