အပြစ်ဟူသည်

အပြစ်ဆိုတာ အင်္ဂလိပ်လိုဆိုရင် guilt ပေါ့နော်။ လူတိုင်း အပြစ်ဖြစ်ဘူးကြမှာပါ။ အပြစ်နဲ့အမှားနဲ့ဘာကွာလဲဆိုတော့ အပြစ်ဆိုတာအမှားတစ်မျိုးဘဲ။ အမှားတိုင်းက အပြစ်မဟုတ်ပေမယ့် အပြစ်တိုင်းကတော့ အမှားပဲ။ ဘယ်လိုအမှားမျိုးလဲဆိုတော့ မိမိနဲ့မိမိပတ်ဝန်းကျင်ကို ထိခိုက်နစ်နာစေတဲ့ အမှားမျိုးကို အပြစ်လို့ပြောရမှာဖြစ်တယ်။



I am guilty လို့ပြောလိုက်တာက အပြစ်ဝန်ခံလိုက်တာပဲဖြစ်တယ်။ အပြစ်ဆိုတာလုပ်ဖြစ်တတ်ကြပေမယ့် အပြစ်ဝန်ခံဖို့ကမလွယ်ဘူး။ အပြစ်နဲ့ဆိုင်တဲ့ ပုံပြင်တစ်ပုဒ်ပြောပြချင်တယ်။ ရှေးအခါတုန်းက ဒိသာပါမောက္ခတစ်ဦးဆီမှာ မင်းညီမင်းသားတွေ ပညာဆည်းပူးကြတယ်။ သူတို့နဲ့အတူပဲ ကုန်သည်တစ်ဦးရဲ့သားလည်းပါတယ်။ တနေ့မှာ မင်းသားတစ်ဦးက ဗိုက်ဆာလို့ဆိုပြီး ငှက်ပျောသီး တစ်ခုကို ခိုးစားလိုက်တယ်။ ဆရာကြီးက သူ့တပည့်တွေကို စာရိတ္တပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အရမ်းတန်းဖိုးထားပြီး သင်ပေးလေ့ရှိတယ်။ ငှက်ပျောသီးတစ်ခု ပျောက်နေတာကို သိတော့ သူ့တပည့်တွေကို ဘယ်သူခိုးစားလည်း ဆိုပြီမေးချင်တယ်။ မင်းညီမင်းသားတွေဆိုတော့ အဲ့လိုပြောလို့ မရဘူးလေ။ သူတို့ရဲ့ ဂုဏ်သိက္ခာထိခိုက်မှာပေါ့။ ရှေးတုန်းက honor ဂုဏ်သိက္ခာကအရမ်းအရေးကြီးတယ်။ စကားကို အခုခေတ်လို တည့်တည့်ပြောလို့ မရဘူး။ အဲ့တော့ ဆရာကြီးက မင်းညီမင်းသားတွေရှေ့မှာ ကုန်သည်သားလေးကို ဆင့်ခေါ်ပြီး မင်းငှက်ပျောသီး ယူစားတယ် မဟုတ်လား မှန်မှန်ပြောနော်ဆိုပြီး မေးတယ်။ သူကလည်း သူမယူစားကြောင်း ပြန်လည်ပြောဆိုတယ်။ ဆရာကြီးကလည်း အေးကောင်းပြီး မင်းညီမင်းသားတွေကတော့ သူတို့ဂုဏ်သိက္ခာနဲ့ ခိုးစားမှာ မဟုတ်ဘူး။ ခိုးစားမဲ့သူဆိုလို့မင်းပဲရှိတယ်။



ဒီတော့ကာ မင်းအပြစ်ကို မင်းမဝန်ခံ မခြင်း အတန်းရှေ့မှာ မတ်တပ်ရပ်နေရမယ်ဆိုပြီး ပြောတယ်။ ကုန်သည်သားကလည်း သူမခိုးစားတော့ သူဝန်ခံစရာမလိုဘူးဆိုပြီး မတ်တပ်ရပ်နေတယ်။ ဆရာကြီးက အဲ့ဒီနေ့ သင်ခန်းစာအဖြစ် အပြစ်အကြောင်း သင်ကြားပို့ချပေးတယ်။ အပြစ်ဆိုတာ လုပ်လိုက်ပြီးရင် ပြေသွားရိုး ထုံးစံမရှိဘူး။ အပြစ်ဆိုတာ ကူးစပ်တတ်တယ်။ အပြစ်ဆိုတာ ဘယ်အချိန်ပြေသလဲ။ ဘယ်လိုပြေသလဲဆိုတော့ အပြစ်လုပ်လိုက်တဲ့သူက သူကိုယ်တိုင် တကယ်အပြစ် လုပ်မိတယ်လို့သိပြီး တကယ်ဝန်ခံလိုက်တဲ့ အချိန်မှပဲ ပြေရိုးထုံးစံရှိတယ်လို့ ဆုံးမတယ်။ အဲ့လို သင်ကြားပို့ချပေးနေချိန်မှာပဲ တကယ်ခိုးစားခဲ့တဲ့ မင်းသားလေးက အရမ်းကို အရှက်ရပြီး သူခိုးစားမိကြောင်း ဝန်ခံလိုက်တယ်။ အဲ့တော့ ဆရာကြီးကလည်း အေးကောင်းပါပြီ မင်းသားလေး အခုလိုဝန်ခံတဲ့ အတွက် မင်းသားလေးအပြစ်ကလွတ်သွားပါပြီ ဆိုပြီး သူသင်ထားတဲ့အတိုင်း ကြေညာလိုက်တယ်။ ကုန်သည်သားလေးကိုလည်း သူနေရာသူ ပြန်ထိုင်ခိုင်းလိုက်တယ်။ ကုန်သည်သားက သူအပြစ်မရှိဘဲ သူ့ကို အပြစ်ပေးတဲ့ ဆရာကြီးကို ဆရာကြီး ရဲ့ အပြစ်ကော ဝန်ခံပြီးပြီလားဆိုပြီးပြောတယ်။ ဆရာကြီးကလည်း အေးငါမင်းအပေါ်အပြစ်ဖြစ်သွားတယ်ဆိုတာအပြစ်ရဲ့ ကူးစက်တတ်တဲ့ သဘောကြောင့် ငါ့မှာအပြစ်မရှိဘူးဆိုပြီး  ပြန်ချေပတယ်။



ကုန်သည်သားလေးက အဲ့ဒါကိုလုံးဝမကျေနပ်ဘူး။ သူလည်းတနေ့ ဆရာကြီးကို မကျေနပ်တဲ့ အနေနဲ့ ငှက်ပျောသီး တစ်ခုကို ခိုးစားလိုက်တယ်။ ဆရာကြီးကလည်း ရှေးတုန်းကလိုပဲ သူ့ကို ခေါ်ပြီးမေးပြန်ရော။ သူကလည်း သူ့အပြစ်ဝန်ခံပါတယ်လို့ ပြောတယ်။ ဆရာကြီးက အေးအဲ့ဒါဆိုကောင်းပြီး မင်းကို အပြစ်ဒဏ်ပေးတဲ့အနေနဲ့ မင်းကိုတပည့်အဖြစ်ကနေ ထုတ်ပယ်လိုက်ပြီ။ မင်းနေရာအရပ်ဆီကိုပြန်တော့လို့ အပြစ်ဒဏ်ပေးလိုက်တယ်။ ကုန်သည်သားလေးက မင်းသားဝန်ခံတုန်းက အပြစ်ဒဏ်ကြေပြီး သူ့ကျမှ ဘာလို့ ဒီလိုကြီးလေးတဲ့ အပြစ်ဒဏ်ပေးလဲဆိုပြီး မကျေနပ်ကြောင်းပြောတယ်။ အဲ့တော့ ဆရာကြီးက အပြစ်ဝန်ခံခဲ့တဲ့ မင်းသားလေးကို ခေါ်ပြီးမေးတယ်။ အပြစ်ဝန်ခံတယ်ဆိုတာ အဲ့ဒီအပြစ်ရဲ့ ဒဏ်ကို မခံနိုင်လို့ ဝန်ခံရတာ။ အဲ့တော့ မင်းသားလေးလုပ်ခဲ့တဲ့ အပြစ်ရဲ့ ဒဏ်ကဘာတုန်း။ ဘာပြုလို့ အဲ့ဒီဒဏ်ကို မခံနိုင်လို့ ဝန်ခံရတာလဲ။ မင်းသားလေးကလည်း သူသည်မင်းသားတစ်ယောက်ဖြစ်ပါလျှက် ဝမ်းဗိုက်ရဲ့ တောင့်တမှုကို သည်းမခံနိုင်ဘဲ အလွန်တရာမှ သိမ်ငယ်သော သာမန်လူတစ်ဦး၏ ညံ့ဖျင်းဖွယ် အလေ့ဖြစ်သော ခိုးစားမှုကို ပြုခဲ့သည့်အတွက် စားပြီးသောလည်း စိတ်သက်သာရာမရ မည်သူများ မြင်တွေ့သွားသနည်းဟု အမြဲထိတ်လန့်နေရပြီး မိမိ အပြစ်ကြောင့် မိမိဆရာကြီးကို လည်းအပြစ်ဖြစ်ခြင်း မိမိသူငယ်ချင်းကိုလည်း အပြစ်ဒဏ်ခံရစေခြင်း အစရှိသည့် အပြစ်ရဲ့ ဆိုးကျိုးများကို ဆရာကြီး အပြစ်အကြောင်း သင်ခန်းစာပို့ချပြီးချိန်မှာပဲ သိရှိနားလည်ရသည့် အတွက် ထိုထိုဆိုးကျိုးများ၏ ဒဏ်ကို မခံစားနိုင်သောကြောင့် ဝန်ခံရပါတယ် လို့ပြောပါတယ်။ အဲ့တော့ ဆရာကြီးက အေးကောင်းလေစွ ဆိုပြီး ဆက်မေးပြန်ပါတယ်။ မင်းသားလေး အဲ့ဒီလို ဝန်ခံလိုက်တဲ့ အတွက် ရလာတဲ့ အကျိုးဆက်ကကော ဘာဖြစ်မယ်ထင်တုန်း။ မင်းသားလေးက မိမိသည် အခြားမင်းသားများအလယ်တွင် ဝမ်းဗိုက်မဆောင့်နိုင်သော ငှက်ပျောသီးသူခိုးမင်းသားဖြစ်သွားပါတယ်ဆရာကြီး။ ထိုအမည်သည် မင်းညီမင်းသားများအလယ်တွင် အမြဲပြောစမှတ်ပြုနေမည့် အကြောင်းအရာဖြစ်သွားပါတယ် ဆရာကြီး။



အဲ့တော့ ဆရာကြီးကထပ်မံပြီး အေး အပြစ်နဲ့ပတ်သက်ပြီး အပြစ်ရဲ့ပင်ကိုယ်ရှိတဲ့ဒဏ်နဲ့ အပြစ်ကိုဝန်ခံလိုက်တဲ့အကျိုးဆက် (ပေးတဲ့အပြစ်ဒဏ်) ဆိုပြီးခွဲနိုင်တယ် တပည့်တို့။ မင်းတို့တွေသည် မင်းညီမင်းသားတွေ တချိန်မှာ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေဖြစ်လာရင် မင်းတို့ပြည်သူပြည်သားတွေကို တရားစီရင်ဆုံးဖြတ်တဲ့ အခါ အဲ့ဒီနှစ်ခုကို ချိန်ဆဖို့လိုအပ်တယ်။ အပြစ်ရဲ့ဒဏ် က အမြဲသာလွန်နေရမယ် အပြစ်ကိုဝန်ခံလိုက်တဲ့ အကျိုးဆက်ကလည်း အရမ်းကြီးနည်းနေလို့မရဘူး။ အရမ်းကြီးနည်းနေပြန်ရင်လည်း ကုန်သည်သားလေးလို လွယ်လွယ်လေးဝန်ခံပြီး အဲ့ဒီအပြစ်ရဲ့ ဒဏ်ကို မသိတော့ဘူး။ မောင်မင်းအပြစ်ရဲ့ ဒဏ်ကို မောင်မင်းသိပြီးလားလို့မေးတော့ သူလည်း အမှန်အတိုင်း ဆရာကြီးကို မကျေနပ်လို့ လုပ်မိကြောင်းကို ဝန်မခံနိုင်ဘဲ ဆရာကြီး ကိုယ်တိုင်လုပ်မိတဲ့ အပြစ်ရဲ့ဒဏ်ကို တနေ့သိစေရမယ်လို့ ကြိမ်းဝါးပြီး အထုတ်သိမ်းကာ မိမိအရပ်သို့ပြန်လာတယ်။ ဆရာကြီးက ဆက်လက်ပြီး ပို့ချပြန်တယ်။ အပြစ်ကိုဝန်ခံလိုက်တဲ့ အကျိုးဆက် တနည်းပြောရင်တော့ ပေးတဲ့အပြစ်ဒဏ်က ကြီးနေပြန်ရန်လည်း လူတိုင်းက အပြစ်ရဲ့ပင်ကိုယ်ရှိတဲ့ ဒဏ်ကိုပဲရွေးချယ်ပြီး အပြစ်ဝန်မခံတော့ဘူး။ အဲ့လိုဖြစ်ကုန်ရင် ဘာတွေဖြစ်ကုန်မလဲ။ လူဆိုတာ အကျင့်ကို အားကိုးတယ်။ အပြစ်ရဲ့ ပင်ကိုယ်ဒဏ်ကို ခံတာများလာတော့ အဲ့ဒါကို အပြစ်လို့လည်း မမြင်တော့ဘူး။ ပြောရမယ်ဆိုရင် ခံနိုင်ရည်ရှိလာတယ်ပေါ့။ ဒီခိုးစားတာရဲ့ ပင်ကိုယ်ဒဏ် က ဘာမှမဖြစ်တော့ဘူး ဆိုရင် တခြားကြီးမားတဲ့ အပြစ်တွေရဲ့ ဒဏ်တွေကို စပြီး စမ်းလာမယ်။နောက်ဆုံး အပြစ်လုပ်နေတယ်လို့တောင် မထင်တော့ဘဲ အပြစ်လုပ်တာဟာ နိစ္စဓူဝဖြစ်လာမယ်ပေါ့။ မင်းသားလေး ဝန်ခံတယ်ဆိုတာ မင်းသားလေးက သူရဲ့ဂုဏ်သိက္ခာနာမည်ကို တန်ဖိုးချပစ်လိုက်တာ သူစိတ်အနှောင့်အယှက်ဖြစ်တာရယ် သူ့ဆရာအပြစ်ဖြစ်တာရယ်နဲ့ သူ့သူငယ်ချင်း ပြစ်ဒဏ်ခံရတာကို သူ့အနေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ သူအပြစ်ကိုဝန်ခံလိုက်လို့ရလာမယ့် သူရဲ့နာမည်ပျက်မယ့် ဒဏ်က နည်းလို့ သူဝန်ခံလိုက်တာ။ မိမိနာမည်ဂုဏ်သိက္ခာကို ပိုပြီးတန်ဖိုးထားတဲ့ သူတစ်ယောက်ဆို ဘယ်ဝန်ခံမတုန်း။ အဲ့တော့ တန်ဖိုးဆိုတာကလည်း အရေးကြီးတယ်။ ဘယ်အရာကို တန်ဖိုးထားသင့်သလဲ။ ဘယ်အရာကို တန်ဖိုးမထားသင့်သလဲဆိုတာ ကတော့ နောက်ထပ်သင်ခန်းစာ တစ်ပုဒ်အနေနဲ့ သင်ကြားပေးပါ့မယ်ကွယ်။



အပြစ်နဲ့ ပတ်သက်ပြီးပဲ ဆက်လက်ပို့ချပေးပါ့မယ်။ ဆရာကြီး ကုန်သည်သားလေးအပေါ် အပြစ်လုပ်မိလေ ပြီလား။ မင်းညီမင်းသားတို့ ဘယ်လိုထင်ကြတုန်း။ မင်းသားတစ်ယောက်က ဆရာကြီးအနေနဲ့ အပြစ်လုပ်မိတာအမှန်ပါ ဆရာကြီး။ ကုန်သည်သားလေးဘက်ကလည်း ရိုးသားမှုမရှိတာလည်း အမှန်ပါဆရာကြီး။ ဘာလို့လဲဆိုတော့ ဆရာကြီး သူ့ အပြစ်ရဲ့ဒဏ်(ပင်ကိုယ်ဒဏ်)ကို မေးတော့သူ အမှန်အတိုင်းဖြေသင့်ပါလျှက် ဆရာကြီးရဲ့ အပြစ်ဒဏ်ကို ပဲပြောတာဟာ မရိုးသားဘူးဟုထင်ပါတယ် ဆရာကြီး။ အေးကွယ် ဆရာကြီး အပြစ် ဝန်ခံပါတယ်။ သူ့ဘက်က ရိုးသားမှုမရှိတာကိုတော့ ဆရာကြီး အပြစ်မပြောလိုပါဘူး။ ဘာလို့လည်းဆိုတော့ ဆရာကြီးကိုယ်တိုင်လည်း သူ့ကို စပြီး အပြစ်ပေးတာ မရိုးသားဘူး။ ပြီးတော့ သူဆရာကြီးရဲ့ အပြစ်ကို ဝန်ခံခိုင်းတုန်းက အပြစ်ရဲ့ ကူးစက်တတ်တဲ့ သဘောကြောင့် ငါ့မှာအပြစ်မရှိဘူးဆိုပြီး ဝန်မခံခဲ့ဘူး။ အဲ့ဒီလို ဝန်မခံခဲ့တဲ့ အတွက် ပေါ့တဲ့ပေးတဲ့ဒဏ်မဟုတ်ဘဲ ကြီးတဲ့ပင်ကိုယ်ဒဏ်ကို တနေ့ ဆရာကြီးပြန်ခံရတော့မယ်။ အပြစ်နဲ့ ရိုးသားမှုဆိုတာ ဘယ်လိုမျိုးဆက်စပ်နေတယ်လို့ထင်လဲ တပည့်တို့။



မင်းသားတစ်ယောက်က ရိုးသားမှုဆိုတာ ထက်တဲ့ဓါးလိုပါပဲ ဆရာကြီး။ မိမိတို့သွားမယ့်လမ်းမှာ ချုံနွယ်ဆိုတဲ့ အပြစ်တွေ ပြည့်နှက်နေခဲ့ပါက ရိုးသားမှုဆိုတဲ့ ဓါးကို သုံးပြီး ရှင်းလင်းသွားနိုင်ပါတယ် ဆရာကြီး။ တခါတရံထိုထက်တဲ့ ဓါးကို အသုံးမတတ်ပါကလည်း မိမိကို ဘေးဖြစ်စေနိုင်ပါတယ်။ သစ်ကိုင်းသစ်ခက်ကို ခုတ်ရာမှ အချွှန်ကျန်ခဲ့ပြီး ကိုယ်ကိုလည်းခြစ်မိစေနိုင်ပါတယ် ဆရာကြီး။ ဒါကြောင့် ဓါးကိုသုံးရာမှာ သေသပ်ဖို့လည်းလိုအပ်ပါတယ် ဆရာကြီး။ ဆရာကြီးက အေးကောင်းပြီ အဲ့ဒါဆို လူတစ်ယောက်က ရိုးသားစွာ အပြစ်လုပ်နိုင်သလား။ နောက်ပြီး အပြစ်တစ်ခုဟာရိုးသားသော အပြစ်ဖြစ်နိုင်လား။ အဲ့ဒါကို ဆွေးနွေးပေးကြဦး။



မင်းသားတစ်ယောက်က ဆရာကြီးခင်များ လူတစ်ယောက်ဟာ ရိုးသားစွာအပြစ်လုပ်နိုင်ပါတယ်။ အပြစ်ကို အပြစ်မှန်းမသိဘဲလုပ်ခြင်းကို ရိုးသားစွာအပြစ်လုပ်ခြင်းလို့ခေါ်နိုင်ပါတယ်။

Comments

Popular posts from this blog

The awakening of a society

Travel Diary 1.5