အလုပ် နှင့် အလုပ်၏အကျိုး

ဗုဒ္ဓဘာသာဝင်တိုင်း အနည်းဆုံးမဖြစ်မနေ ယုံကြည်သင့်တဲ့ အချက်များတွင် အခြေခံကျသော အချက်တစ်ချက်ဖြစ်သော ကံ ကံ၏အကျိုး အကြောင်းနည်းနည်းပြောချင်ပါသည်။ ဗုဒ္ဓဘာသာဝင်များသည် ကံ ကံ၏အကျိုးကို ယုံကြည်ကြသော်လည်း အများစုမှာ ယုံကြည်မှုသက်သက်ဖြင့်သာ ယုံကြည်နေကြခြင်းဖြစ်သည်ဟု ခံယူမိပါသည်။

တကယ်သိ တကယ်နားလည်၍ လက်ခံကျင့်သုံးနှလုံးသွင်းမှသာ တကယ့်ဗုဒ္ဓဘာသာဝင်များဖြစ်နိုင်ကြပြီး ဖြစ်ရကျိုးလည်းနပ်ကြပါလိမ့်မည်ဟုထင်မိပါသည်။ ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ ဗုဒ္ဓ = သစ္စာလေးပါးကို ကိုယ်တော်တိုင်ထိုးထွင်းသိမြင်သူအား ဘာသာ=ကိုးကွယ်ယုံကြည်မှု၌ ဝင်=သက်ဝင်သူ ဟူ၍ဖြစ်ပါသည်။ ဗုဒ္ဓကို ယုံကြည်သည်ဆိုလျှင် ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာကျင့်သုံးခြင်းဖြင့်သာ ယုံကြည်ခြင်းမြောက်ပါလိမ့်မည်။ ဗုဒ္ဓက ကံ ဆိုသည်မှာရှိသည် ကံ၏အကျိုးဆိုသည်မှာရှိသည် ယင်းကံနှင့်ကံ၏အကျိုးကို သမ္မာဒိဋ္ဌိ= ကောင်းစွာအမှန်သိမြင်ရမည်ဟု မိန့်တော်မူပါသည်။ ကောင်းစွာသိမြင်ရမည် ဟူသောအချက်မှာ အရမ်းကို အခြေခံကျပြီး အရေးကြီးပါသည်။ အများအားဖြင့် ကံဟုပြောလျှင် မမြင်ရသောကံ အတိတ်ကံ အကုသိုလ်ကံ ကုသိုလ်ကံ ဘုန်းကံဟု သဘောပေါက်ကြပါလိမ့်မည်။ ထိုကဲ့သို့သဘောပေါက်ရုံမျှနှင့် ကမ္မသက္ကတ္တာ သမ္မာဒိဋ္ဌိ (ကံ ကံ၏အကျိုးကို ကောင်းစွာအမှန်သိမြင်) သည်ဟုမပြောနိုင်ပါပေ။ ထိုထက်ပိုပြီး သဘောပေါက်နားလည်အောင် အတတ်နိုင်ဆုံးရှင်းပြချင်ပါသည်။

ကံ ဆိုသည်မှာ အလုပ်ဟု အဓိပ္ပါယ်ရပါသည်။ အလုပ် နှင့်အလုပ်၏အကျိုးကို ကောင်းစွာအမှန်သိမြင်ရမည်ဟု ဆိုလိုရင်းဖြစ်ပါသည်။ အလုပ်ဆိုသည်မှာ ကာယကံ=ကိုယ်ဖြင့်ပြုလုပ်သောအလုပ် ဝစီကံ=နှုတ်ဖြင့်ပြုလုပ်သောအလုပ် မနောကံ=စိတ်ဖြင့်ပြုလုပ်သောအလုပ် ဟူ၍သုံးမျိုးရှိပါသည်။ လူတိုင်းသတ္တဝါတိုင်းသည် ယင်းကံတစ်မျိုးမျိုးဖြင့် ပြုလုပ်ခဲ့ပြုလုပ်ဆဲပြုလုပ်နေကြဦးမည်သာဖြစ်သည်။ ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်များလည်း ပြုလုပ်ကြပါသည်။ သို့သော်ယင်းကို ကံဟု၍မခေါ်နိုင်တော့ပါ။ နောက်မှ ထပ်၍ရှင်းပါမည်။ ထိုကဲ့သို့ပြုလုပ်ကြသောအခါ ကောင်းတာပြုလုပ်သည်များ(ကုသိုလ်ကံ)ရှိသကဲ့သို့ ကောင်းတာပြုလုပ်သည်များ(အကုသိုလ်ကံ) လည်းရှိပါသည်။

ထိုကံများသည် အဘယ်ကဲ့သို့အကျိုးကျေးဇူးပြုသည်ကို ရှင်းပါမည်။ လူတစ်ယောက်ထီပေါက်သည် ဆိုကြပါစို့ ထိုသူရဲ့အသိုင်းအဝိုင်းတွင်ရှိသော လူများမည်ကဲ့သို့ပြောကြမည်နည်း။ ယင်းလူ ကုသိုလ်ကံကောင်းသည် ကုသိုလ်ကံအကျိုးပေးသည်ဟု ပြောကြပေလိမ့်မည်။ သို့သော်မည်သို့ကုသိုလ်ကံမျိုးလုပ်ခဲ့ဖူး၍ မည်သို့လာပြီးကောင်းကျိုးပြုသည်ကို မသိနိုင် မသိကြပါ။ ထိုကဲ့သိုပင် လူတစ်ယောက် မတော်တဆ ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ရပါသည်ဆိုပါစို့။ သူကံမကောင်းဘူး အကုသိုလ်ကံအကျိုးပေးသည်ဟု ပြောကြမည်ပင်ဖြစ်သည်။ သို့သော်မည်ကဲ့သို့အကုသိုလ်မျိုး လုပ်ခဲ့၍ မည်သို့လာပြီး မကောင်းကျိုးပြုသည်ကိုတော့ မသိနိုင် မသိကြပါပေ။ ထိုကဲ့သို့ မသိနိုင်မသိကြ၍ပင် ကံ ကံ၏အကျိုးကို တကယ်မသိမြင်နိုင် တကယ်မသိမြင်နိုင်သည့်အတွက် မယုံကြည်မှု ယုံကြည်မှု၌လျော့နည်းမှုတွေဖြစ်ကြပါသည်။ စာရေးသူကိုယ်တိုင်ပင် ထိုသို့ဖြစ်ခဲ့ဖူးပါသည်။ မည်သည့်ကုသိုလ်ကံတွေ အကုသိုလ်ကံတွေပြုခဲ့၍ လာပြီးမည်သည့်ကောင်းကျိုးမကောင်းကျိုးပြုသည်ကို မရှင်းပြနိုင်ငြားသော်လည်း ကုသိုလ်ကံအကုသိုလ်ကံတွေ မည်သို့ လာပြီးကောင်းကျိုး ဆိုးကျိုးပြုပုံကို အနီးကပ်ဆုံး ယုတ္တိအရှိဆုံး ဥပမာများသုံးပြီး ရှင်းပြချင်ပါသည်။ သေချာဂရုစိုက်၍ ဖတ်စေချင်ပါသည်။ နားမလည်ပါက ကျော်သွားခြင်းမပြုဘဲ နားလည်သည်အထိ သေချာထပ်၍ဖတ်ကြည့်စေချင်ပါသည်။ နားလည်မှသာ စာရေးသူ၏ ရည်ရွယ်ချက်ပြည့်မည် ဖြစ်ပါသည်။

ရေနွေးကြမ်းပူပူထည့်ထားသော ခွက်တခွက် အဲ့ဒီခွက်ရဲ့ အဖုန်းတစ်ခုကို သင့်ကိုင်ထားပါသည်။ သဘာဝကျစွာ သင်လေးခု လုပ်နိုင်ပါလိမ့်မည်။
၁။ သင်သည် ခွက်ကို မဖုန်းဘဲ အဖုန်းကိုဘေးချထားပါမည်။ အချိန်တစ်ခုကြာလျှင် သင်သောက်ပါမည်။
၂။ သင်သည် ခွက်ကို ဖုန်းပါမည်။ သို့သော်အဝတစ်ဝက်ပဲလုံအောင် ဟစိလေးဖြစ်နေအောင် အဖုံးကိုတင်ရုံလေး တင်ထားပါမည်။ အချိန်တစ်ခုကြာလျှင် သင်သောက်ပါမည်။
၃။ သင်သည် ခွက်ကို အလုံဖုန်းပါမည်။ အံဝင်ခွင်ကျဖြစ်သွားအောင် လုံသွားအောင်ကို ဖုန်းလိုက်ပါမည်။ အချိန်တစ်ခုကြာလျှင် သင်သောက်ပါမည်။
၄။ သင်ခွက်ကိုလုံအောင်ဖုန်းပါမည်။ သို့သော် သင်သောက်ဖို့ အလို့ငှာဖုန်းခြင်းမဟုတ်ပေ။ အချိန်တစ်ခုကြာလျှင် တပါးသောသူ သောက်သုံးရန်အတွက် သင်ဖုန်းပေးခြင်းဖြစ်ပါသည်။

ပထမသုံးမျိုးက ကံမည်ပါသည် အလုပ်မည်ပါသည်။ စတုတ္ထတစ်မျိုးသည် ကံဟုမမည်။ အဘယ့်ကြောင့် မမည်သည်ကို အောက်တွင်ဖော်ပြထားပါသည်။ သို့သော် အားလုံးချုံ၍ ကံဟုသာခေါ်ပါမည်။
ထိုကံလေးမျိုး မည်သို့အကျိုးပေးနိုင်သည်ကို စဉ်းစားကြည့်ကြရမည်ဖြစ်သည်။
၁။ ရေနွေးမြန်မြန်အေးမည်။ အချိန်တစ်ခုမှာ လုံးဝမပူမနွေးတော့သောအဆင့် ရောက်သွားပါလိမ့်မည်။ ယင်းမှာလူတိုင်းထင်သာမြင်သာသော အကျိုးတရားတစ်ခုဖြစ်သည်။ သို့ရာတွင် မထင်သာ မမြင်သာသော မပေါ်ထွက်လာသော အကျိုးတရားများ ကျန်ပါသေးသည်။ ယင်းတို့မှာ ရေနွေးသောက်ဖူးသောသူတိုင်း သိနိုင်ပါသည်။ ရေနွေးအရသာပြောင်းသွားခြင်းပင်ဖြစ်သည်။ အကောင်ပလောင်ဝင်သွားခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။

၂။ ရေနွေးနှေးနှေးအေးပါမည်။ အဲ့ဒီအချိန်တစ်ခုထဲမှာပင် ရေနွေးကနွေးနွေးလေး ဖြစ်နေပါလိမ့်မည်။ ယင်းသည်လည်း ထင်သာမြင်သာသောအကျိုးဖြစ်ပါသည်။ ထို့အတူ မထင်သာ မမြင်သာသော မပေါ်ထွက်လာသော အကျိုးတရားများ ကျန်ပါသေးသည်။ အဖုန်းကတင်ရုံတင်ထားခြင်းဖြစ်သောကြောင့် သောက်ဖို့ယူသောအခါ ချောကျသွားခြင်းမျိုး ဖြစ်နိုင်ပါသည်။ အဝတစ်ဝက်က ဟထားသောကြောင့် အကောင်ပလောင်ဝင်ခြင်းမျိုးလည်း ဖြစ်နိုင်ပါသေးသည်။ ဖြစ်မည်ဟု ပြောခြင်းမဟုတ်။ ဖြစ်နိုင်ချေ ဖြစ်ခဲ့သော် ဖြစ်ဖို့သတ္တိရှိပါတယ်။ ယင်းသတ္တိမှာ မိမိတင်ရုံတင်ခဲ့ခြင်း ဟူသောအလုပ်ကို လုပ်ခဲ့သောကြောင့် ရရှိလာသော မထင်သာ မမြင်သာသော အလုပ်၏အကျိုးဟု ဆိုသော်မှားမည်မထင်။

၃။ ရေနွေးပို၍နှေးနှေးအေးပါမည်။ အဲ့ဒီအချိန်တစ်ခုထဲတွင်ပင် ရေနွေးမှာပူဆဲ နွေးတာထက်ပိုပြီး နွေးနွေးလေးဖြစ်နေဆဲ ဖြစ်ပါလိမ့်မည်။ အလုံပိတ်ထားသည့်အတွက် အကောင်ပလောင်ဝင်ခြင်းမှ ကာကွယ်နိုင်သော သတ္တိရှိပါသည်။ ယင်းသတ္တိမှာ မိမိအလုံပိတ်ခဲ့ခြင်း ဟူသောအလုပ်ကို လုပ်ခဲ့သောကြောင့် ရရှိလာသော သင်သတိမမူမိသော အလုပ်၏အကျိုးဟုဆိုနိုင်ပါသည်။

၄။ သင်သောက်သုံးမည်မဟုတ်တော့သောကြောင့် သင်နှင့်လုံးဝမသက်ဆိုင်တော့ပါ။ သင့်နဲ့ပတ်သက်ပြီး ဘာမှဖြစ်နိုင်စရာမရှိတော့ပေ။ သင့်ကိုအကျိုးပေးခြင်းပြုနိုင်တော့မည်မဟုတ်။

ထိုဥပမာနဲ့ လူတွေခံယူထားသော ကံ ကံ၏အကျိုးနှင့် ပြန်လည်ဆက်စပ် ကြည့်ကြရပါမည်။
၁။ သင်သည်အတိတ်တွင် ယခုဘဝ၌ လူဖြစ်နိုင်သော ကောင်းကျိုးမှလွဲ၍ ကောင်းမှုတစ်ခုမှမလုပ်ခဲ့ပေ။ အဖုန်းမဖုန်းခြင်းကို မကောင်းဟု ဆိုလိုခြင်းမဟုတ်။ အကျိုးပြုပုံကို ဆက်စပ်ပြလိုရင်းသာဖြစ်ပါသည်။ ကောင်းမှုမလုပ်ခဲ့ခြင်း(မကောင်းမှုလုပ်ခဲ့ခြင်း) ဟူသောကံကို ပြုခဲ့ခြင်းကြောင့် ယင်းကံ၏အကျိုးဖြစ်သော မကောင်းကျိုး(ဆိုးကျိုး) ကိုရရှိရပါသည်။ ထင်သာ မြင်သာသောအကျိုးဖြစ်ပါသည်။ အမှိုက်၊ဖုန်၊အကောင်ပလောင်ဝင်ခြင်း မဝင်ခြင်းဆိုသည်မှာ အခြားအခြားကံ၏အကျိုးများဖြစ်သည်။ သို့သော် အခြားအခြားကံအကျိုးများသည် အဖုန်းမဖုန်းခဲ့ခြင်းဆိုသောကံကို ပြုခဲ့သောကြောင့်သာ ယင်းကံ၏အကျိုးဖြစ်သော ဟောင်းလောင်းပွင့်ခြင်းကြောင့် ဝင်ရောက်လာနိုင်ခြင်းသာဖြစ်သည်။ မကောင်းမှုများလုပ်နေ လုပ်ခဲ့သောအတွက်ကြောင့် ထိုမကောင်းမှုများ၏ မကောင်းကျိုး(ဆိုးကျိုး)များသာမက အခြားအခြားသောမကောင်းမှုများ၏ မကောင်းကျိုးများပါ ဝင်လာနိုင်ခြင်းကို ဆိုလိုပါသည်။ ယင်းကိုကြည့်၍ တစ်ခုသောကံ နှင့်ယင်းတစ်ခုသောကံ၏အကျိုး ယင်းတစ်ခုသောကံ၏အကျိုးသည် အခြားအသစ်သောကံနှင့် ယှဉ်၍ဖြစ်ပေါ်လာကြောင်းတွေ့ရပါသည်။ ယင်းအသစ်သောကံ၌ရှိသော ကံ၏အကျိုးသည်လည်း နောက်အသစ်အသစ်ပြုမည်ဖြစ်သော ကံများနှင့်ယှဉ်၍ အကျိုးပေးရန် စောင့်နေကြပါသည်။ ကံ၏အကျိုးကိုမရလိုပါက ကံကိုမပြုလုပ်ရုံသာဖြစ်သည်။ သို့သော်သတ္တဝါမှန်သမျှ ကံသုံးပါးထဲမှ တပါးပါးဖြင့် မပြုမနေ ပြုလုပ်နေကြရပါသည်။ ထိုကဲ့သို့ပင် သံသရာလည်နေခြင်းဖြစ်ပါသည်။

၂။ သင်သည်အတိတ်တွင် ကောင်းမှုရော မကောင်းမှုပါလုပ်ခဲ့ပါလိမ့်မည်။ ကောင်းမှုလုပ်ခြင်း(တစ်ဝက်ဖုန်းထားခြင်း) ကောင်းကျိုး(ပူမှု)နဲ့ မကောင်းမှုလုပ်ခဲ့ခြင်း(တစ်ဝက်ဟထားခြင်း) မကောင်းကျိုး(အေးမှု) ရောသွားပါသည်။ ပူမှုနဲ့အေးမှုရောခြင်းသည် နွေးမှုကိုဖြစ်စေပါသည်။ အပေါ်နံပါတ် ၂ ၌ အဖုန်းကိုတင်ရုံတင်ထား၍ သောက်ရန် ယူလိုက်သောအခါ ချော်ကျသွားနိုင်သော အကျိုးအောင်းနေကြောင်း ဖော်ပြပြီးဖြစ်သည်။ သောက်ရန်ယူသောအခါ ကောင်းကောင်းယူပါက မချော်ကျနိုင်။ သတိလက်လွတ်ယူပါက အဖုန်းချော်ကျနိုင်ပါသည်။ ဆိုလိုရင်းမှာ ကောင်းမှုအလုပ်လုပ်နေလျှင်(ကောင်းကောင်းယူလျှင်) မကောင်းကျိုး(အဖုန်းချော်ကျခြင်း) မဖြစ်နိုင်ခြင်းဖြစ်သည်။ မကောင်းမှုလုပ်ထား၍(အဖုန်းတစ်ဝက်ဟ ထားခြင်း) မကောင်းသောအကျိုးပေး(အဖုန်းချော်ကျခြင်း)ရှိနေလျှင်ပင် ကောင်းမှု(ကောင်းကောင်းယူလိုက်ခြင်း)လုပ်နေသည်ဆိုပါက ၎င်းအကျိုးပေး မဝင်ရောက်နိုင်ပေ။ သို့သော် ထိုမကောင်းသော အကျိုးပေးသည် ပျောက်သွားခြင်းမဟုတ်။ သင်မကောင်းသောကံပြုမည့် အချိန်ကို စောင့်နေခြင်းဖြစ်သည်။ တနည်းဆိုရသော် သင်ကောင်းမှုပြုလုပ်ထားသောကံ ယင်းကံ၏ကောင်းကျိုးသည် သင်ကောင်းမှုပြုနေသောကံနှင့် ယှဉ်၍ဝင်ရောက်လာပါသည်။ ထပ်၍ရှင်းပါမည်။ သင်အဖုန်းတစ်ဝက်ဖုန်းထားခြင်းဟူသော ကောင်းသာအလုပ်ကိုပြုထားခြင်း၏အကျိုးသည် သင်ကောင်းစွာခွက်ကို ယူလိုက်ခြင်းဟူသော ကောင်းသောအလုပ်နှင့် ယှဉ်၍ဝင်ရောက်လာပါသည်။ သင်ကောင်းစွာမယူခဲ့သည်ရှိသော် သင်အဖုန်းတစ်ဝက်ဖုန်းထား၍ နွေးနေသော ရေနွေးကြမ်းကို သောက်သုံးရခြင်းဟူသော ကောင်းကျိုး မဝင်ရောက်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းစွာမယူခြင်းဟူသော မကောင်းသောအလုပ်ကို ပြုခြင်းနှင့် ယှဉ်၍ဖြစ်သော မကောင်းကျိုး အဖုန်းလွတ်ကျခြင်းသည် ဦးစွာအကျိုးပေးဖြစ်မည်ဖြစ်သည်။ ကောင်းသောအလုပ်၏ အကျိုးသည် ကောင်းသောအလုပ် လုပ်သောအချိန်၌ ဆိုးသောအလုပ်၏ အကျိုးသည် ဆိုးသောအလုပ် လုပ်သောအချိန်၌ အကျိုးပေးပါသည်။ မကောင်းသောအလုပ်၏ အကျိုးပေးနေပါက ကံမကောင်းနေပါက မိမိသည် မကောင်းသောအလုပ်များ မကောင်းကံများ ပြုလုပ်နေသောကြောင့် ဟုဆိုနိုင်ပါသည်။ အကျိုးပေးသည် ကံနှင့်ယှဉ်ကာ ဖြစ်သည်။ ကံပေါ်မူတူလျှက်သာဖြစ်ပါသည်။ အကျိုးပေးသည် အတိတ်တွင် ပြုလုပ်ခဲ့သောကြောင့် မိမိအနေနှင့် ပြင်ရန်မဖြစ်နိုင်ကြောင်း ပေါ်လွင်ပါသည်။ ကံသည် ယခုပြုလုပ်ဆဲဖြစ်သောကြောင့် ပြင်နိုင်ပါသည်။ မိမိလုပ်ခဲ့သော ကောင်းသောအလုပ်၏အကျိုး(နွေးနေသော ရေနွေးကြမ်းကို သောက်သုံးရခြင်း)သည် မိမိလုပ်လိုက်သော ကောင်းသောအလုပ်(ကောင်းကောင်းယူလိုက်ခြင်း)နှင့် ယှဉ်၍ဖြစ်လာပါသည်။ မိမိသည် ကောင်းကံ မကောင်းကံများ ပြုထားသည့်အတွက်(အဖုန်းတစ်ဝက်ဖုန်းထားခြင်းနှင့် တစ်ဝက်ဟထားခြင်း) နံပါတ် ၁ နှင့်ယှဉ်လျှင် မကောင်းကံ၏ မကောင်းကျိုးပေးမှု (အမှိုက်၊ဖုန်၊အကောင်ပလောင်ဝင်ရောက်ခြင်း)နည်းသွားမည်မှာ အသေအချာပင်ဖြစ်သည်။ ထို့အပြင် ကောင်းကံပြုပါက ထိုကံနှင့်ယှဉ်ကာဝင်လာမည့် ယခင့်ယခင်ပြုခဲ့သော အခြားအခြားကောင်းကံ၏အကျိုးများက စောင့်နေကြပါသေးသည်။ စာဖတ်သူသည် ကောင်းသောအလုပ်များပြုနေပါလျှက် မကောင်းသောအလုပ်များ၏အကျိုး ပေးနေပါသည်ဟု၊ ကောင်းမှုလုပ်လျှက် ကံမကောင်းဟု အငြင်းပွားစရာရှိပါသည်။ အလုပ်ဟူသည် သုံးမျိုးရှိပါသည်ဟု အထက်တွင် တင်ပြခဲ့ပါသည်။ သုံးမျိုးစလုံး ကောင်းအောင်လုပ်ရန် လိုအပ်ပါသည်။ မိမိသည် တကယ်ကောင်းသော အလုပ်ကို လုပ်နေ မလုပ်နေ စမ်းစစ်ကြည့်ရပါမည်။ မိမိ ကံမကောင်းဟု ဆိုပါက မိမိအရင်ဆုံးစမ်းစစ်သင့်သည်မှာ မိမိသည် ယင်းကံမကောင်းမီ အကုသိုလ်မကောင်းသော(လောဘ၊ဒေါသ၊မောဟ အစရှိသော ကိလေသာဦးဆောင်သော) အကြံများကြံဖြစ်ခဲ့သလား အပြောများပြောခဲ့သလား အပြုများ ပြုခဲ့သလားဟု သုံးသပ်သင့်ပါသည်။ စာရေးသူ၏ ကိုယ်တွေ့အဖြစ်အပျက်တစ်ခု တင်ပြချင်ပါသည်။ မိမိသည် အလုပ်ကို နံနက်စောစောသွားရပါသည်။ တစ်နေ့ အိပ်ရာဝင်နောက်ကျသောကြောင့် အိပ်ယာထနောက်ကျခဲ့ပါသည်။ မြန်မြန်ပြင်ဆင်ပြီး အိမ်မှထွက်လာခဲ့ပါသည်။ ကားဂိတ်ရောက်၍ ပိုက်ဆံအိတ်နှိုက်သောအခါ အိမ်တွင်မေ့ကျန်ခဲ့ကြောင်း သိရပါသည်။ ထိုအချိန်တွင် မိမိစိတ်ထဲ၌ “ငါ့နှယ် ကံဆိုးချင်တော့ အိပ်ယာထနောက်ကျတဲ့အထဲ ပိုက်ဆံအိတ်က မေ့ကျန်သေးတယ်” ဟုရေရွတ်မိပါသည်။ ပုံမှန်ကြည့်လျှင် ဆိုးသောအလုပ် မလုပ်သော်လည်း ဆိုးကျိုးပေးသည်ဟု ထင်နိုင်ပါသည်။ သို့သော်သေချာတွေးကြည့်ပါက မိမိအိပ်ယာထနောက်ကျသည်ကို မိမိသိသောအခါ အလုပ်နောက်ကျမည်ကို စိုးရိမ်စိတ်၊ အလုပ်ရှင်ဆူမည်ကို ပူပန်စိတ်၊ မိမိကိုယ်မိမိ အိပ်ယာထနောက်ကျသောကြောင့် ဒေါသဖြစ်စိတ်၊ မြန်မြန်ပြင် မြန်မြန်အလုပ်သို့ ရောက်ချင်နေသော ပျာယာခတ်နေသော လောဘစိတ်များ ကိလေသာများလွှမ်းမိုးထားသောစိတ်များ မကောင်းသော စိတ်များဖြစ်နေခြင်း မကောင်းသောအလုပ်များကို မနောစိတ်အားဖြင့် ပြုလုပ်ခဲ့ခြင်းကြောင့်သာ မိမိအတိတ်က ပြုခဲ့သော မကောင်းသောအလုပ်တစ်ခုခု၏အကျိုး ဖြစ်သော မေ့တတ်ခြင်းက ဝင်လာပြီး အကျိုးပေးခြင်းဖြစ်ပါသည်။

၃။ သင်သည်အတိတ်က ကောင်းကံများများလုပ်ခဲ့သည်။ သင်လုပ်ခဲ့သောမကောင်းကံဆိုသည်မှာ ရေနွေးခွက်၏အပြင်ကနေ လေထုနှင့်စားပွဲပေါ်ကို ကူးသွားသောအပူ လောက်သာရှိသည်ဆိုကြပါစို့။ သင်လုပ်ခဲ့သောကောင်းကံက ကောင်းတဲ့အကျိုးတွေကို ပေးမှာဖြစ်ပါသည်။ အခြားအခြားမကောင်းတဲ့ကံအကျိုးပေးတွေ ဝင်လာဖို့ဆိုတာ အဖုန်းလုံအောင်ပိတ်ခဲ့တဲ့ ကောင်းကံတွေ တင်းပြည့်ကျပ်ပြည့် ပြုခဲ့သည့်အတွက် မရှိသလောက်ဖြစ်သွားပါပြီ။
မည်သို့ပင်ဆိုစေ နံပါတ် ၁ ၂ ၃ ကဲ့သို့သူမှန်သမျှသည် မိမိသည် ရေနွေးခွက်ကို ကောင်းစွာ မကိုင်သောကြောင့်ဖြစ်စေ ကောင်းစွာမသောက်သုံးသောကြောင့် ဖြစ်စေ တနည်းဆိုရသော် ကောင်းသောကံများကို မပြုသောကြောင့် ထိုမကောင်းကံ၏အကျိုးဖြစ်သော မှောက်သွားခြင်း ဖန်ခွက်ကျကွဲသွားခြင်းများ ဖြစ်တတ်သေးပါသည်။ ဆိုလိုရင်းမှာ မည်မျှကောင်းသော အလုပ်၏အကျိုးပေးများရှိနေသည်ဖြစ်စေ မိမိမကောင်းသောအလုပ် တစ်ခုပြုမိပါက ထိုမကောင်းအလုပ်နှင့်ယှဉ်ဖြစ်လာသော မကောင်းသောအလုပ်၏အကျိုးက အရင်အကျိုးပေးသွားမည်ဖြစ်သည်။ အလွန်ကြောက်ဖို့ကောင်းလှပါသည်။ ပြုသမျှသည် အလုပ်ဖြစ်ပြီး ဖြစ်သမျှသည် အလုပ်၏အကျိုးဖြစ်သည်ကို အထူးမှတ်မိစေလိုပါသည်။

၄။ ဘုရားရှင်နဲ့ ရဟန္တာပုဂ္ဂိုလ်များအတွက်ဖြစ်ပါသည်။ ကောင်းကံဖြစ်သော အဖုန်းလုံအောင်ပိတ်ခြင်းကို အခြားသူများအတွက်လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ထိုကောင်းကျိုးကို မခံစားကြရတော့ပေ။ ထိုကဲ့သို့မခံစားကြသည့်အတွက်ပင် ကံရယ်ဟု မမည်ပေ။ ကြိယာဖြစ်သွားပါပြီ။ ပြုခြင်းသက်သက်ဖြစ်သွားပါသည်။ ထိုပြုခြင်းသည်လည်း သူတပါးကောင်းကျိုးအတွက်သာ ပြုခြင်းဖြစ်ပါတော့သည်။

အင်္ဂုလိမာလသည် ဘုရားနဲ့မတွေ့ခင် မကောင်းအလုပ်များဆက်တိုက်ပြုလုပ်ခဲ့ပါသည်။ မိမိအမေကိုပင် သတ်လုနီနီးဖြစ်ခဲ့ပါသည်။ သို့သော်သူအဘယ်ကြောင့် ထိုမကောင်းအလုပ်များ၏အကျိုး မခံစားရတော့သနည်း။ အထက်ကဥပမာအတိုင်း ပြောရမယ်ဆိုပါက ၎င်းသည် နံပါတ် ၁ ထဲတွင် ပါသည်ဟုဆိုရပါမည်။ အဖုန်းကို လုံးဝမဖုန်းခဲ့သောသူဖြစ်သည်။ အေး၍အရသာမရှိဖြစ်နေသော ရေနွေးကြမ်းဖြစ်သည့်အပြင် မကောင်းကံများပြုခဲ့သည့်အတွက် အမှိုက်သရိုက် အကောင်ပလောင်များလည်း သူ့ရေနွေးခွက်ထဲတွင် ပါဝင်နေမည်မှာ သေချာပါသည်။ သို့သော် သူသည် ထိုရေနွေးခွက်ကို မသောက်သုံးတော့ပေ။ ယင်းသို့ မသောက်သုံးသည့်အတွက် ၎င်းပြုခဲ့သောမကောင်းသော ကံ၏အကျိုးများ မခံစားရတော့ခြင်းဖြစ်သည်။သို့သော် သူမသောက်ဘဲထားခဲ့သော ခွက်ကိုကြည့်၍ လူအများက အပြစ်တင်ပြောဆိုမှုများ ပြုလုပ်ကြပါသည်။ ယင်းအပြစ်တင်ခြင်းများကို တော့ခံရပါသေးသည်။

ပိုပြီးတွေးလို သူများအတွက်ဖြစ်ပါသည်။ ၁ ၂ ၃ ၄ ဥပမာများတွင် အချိန်တစ်ခုဆိုပြီး ဖော်ပြခဲ့ပါသည်။ ကောင်းမှုကုသိုလ်ကံ မကောင်းမှုအကုသိုလ်ကံ ဟူသမျှသည် အချိန်နှင့်လိုက်ပြီးလည်း အကျိုးပေးအား အနည်းအများပြောင်းလဲတတ်ပါသေးသည်။ မိမိဘာသာချဲ့ထွင် တွေးတောနိုင်ကြပါသည်။ အထက်ပါဖော်ပြခဲ့သည်များမှာ စာရေးသူ၏ စိတ်ကူးဖြင့် တွေးတောထားခြင်းဖြစ်၍ အမှားများစွာပါရှိနိုင်ပါသည်။ အမှားများတွေ့ရှိပါကလည်း ထောက်ပြဆုံးမဆွေးနွေးနိုင်ပါသည်။

နောက်ဆုံးအနေနှင့် အရှင်ဆေကိန္ဒဟောပြသွားသော ဥပမာလေးတစ်ခု တင်ပြချင်ပါသည်။ သူသည် အတိတ်ဘဝကို နွားနို့နဲ့ နှိုင်းပါသည်။ ဒိန်ချဉ်ကို လက်ရှိဘဝနှင့် နှိုင်းပါသည်။ နွားနို့ကို ဒိန်ချဉ်ဖြစ်လာစေချင်ပါက ဒိန်ချဉ်အိုးထဲသို့ထည့်ရပါသည်။ နွားနို့က ဒိန်ချဉ်တန်းမဖြစ်ပါ။ နွားနို့က ဒိန်ချဉ်လား? ဒိန်ချဉ်ကကော နွားနို့လား? ဟူ၍မေးပါသည်။ နွားနို့တွင် ဒိန်ချဉ်ဖြစ်စေနိုင်သော သတ္တိရှိပါသည်။ နွားနို့တွင် ဒိန်ခဲဖြစ်နိုင်သော သတ္တိလည်းရှိပါသည်။ ထောပတ်ဖြစ်နိုင်သော သတ္တိလည်းရှိပါသည်။ သို့သော် နွားနို့သည် နွားနို့ပဲဖြစ်၍ ဒိန်ချဉ်လည်း မဟုတ် ဒိန်ခဲလည်းမဟုတ်ပေ။ ထို့အတူပင်လျှင် အတိတ်ဘဝသည်လည်း အတိတ်ဘဝပင်ဖြစ်ပါသည်။ သို့သော် အတိတ်ဘဝတွင် ၃၁ဘုံ၌ ဆက်လက်ကျင်လည်စေသော သတ္တိရှိပါသည်။ နွားနို့ကို မည်သို့ပြုပြင်ခဲ့သည်ကို မူတည်ပြီး ဒိန်ချဉ်ဒိန်ခဲထောပတ်အစရှိသည် ဖြစ်လာကြတာဖြစ်ပါသည်။ ထို့အတူပင်လျှင် အတိတ်ဘဝတွင် မည်သို့အလုပ်တွေကံ‌တွေပြုခဲ့သည်ကို မူတည်ပြီး လက်ရှိလူဘဝ၊နတ်ဘဝ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကယ်အစရှိသည် ဖြစ်လာကြခြင်းဖြစ်ပါသည်ဟု ဟောကြားခဲ့သည်ကို နားကြားဖူးရပါသည်။ ဘုန်းဘုန်း၏ သြဝါဒတစ်ပုဒ်နှင့်ပင် နိဂုံးသတ်ပါရစေ။

ကံဆိုတာအလုပ်။ အလုပ်ဆိုတာကံ။ ကံမကောင်း အလုပ်မကောင်း။ အလုပ်မကောင်း ကံမကောင်း။ ကံမကောင်း အကျိုးပေးမကောင်း။ ကံကောင်းမှ အလုပ်ကောင်းမည်။ အလုပ်ကောင်းမှ ကံကောင်းမည်။ ကံကောင်းမှ အကျိုးပေးကောင်းမည်။ ကံကောင်းချင်ရင် ကောင်းကောင်းလုပ်။

အမြဲလေးစားလျှက်
စိုးမိုးသိန်း

Comments

Popular posts from this blog

အပြစ်ဟူသည်

ဘဝဟာ တည့်တည့်ကလေးထောင်ထားတဲ့ လောင်ကျွမ်းနေသော စီးကရက်လေးတစ်လိပ်

ကိုဗစ်ကာလ အလုပ်တွေကများ