အမေနဲ့အမေ့အကြောင်း(ကိုးဘွဲ့ရဆရာတော်)

အမေ
နွေအခါမှာ ပိတောက်
မိုးရောက်တော့ ပဒုမ္မာ
ဆောင်းမှာတော့ သဇင်မင်း
ရာသီအတွင်း ကြိုင်လှိုင်
အလှချင်းပြိုင်ကြတဲ့အခါပေါ့။
အမေရဲ့ မေတ္တာတရား
နွေမှာပဲ ပူနေနေ
မိုးစွေလို့ပဲ အေးအေး
သဇင်လေးတွေပွင့်တဲ့ရာသီ
ဆောင်းမပီ့တပီမှာပဲဆိုဆို
အပိုအလိုမရှိ
ပကတိ မေတ္တာတရား
ယိုစီးကျသွားတာတော့
အတူတူပဲနော်။
ဘယ်ရင်ခွင်ဘယ်လောက်အေးအေး
ဘယ်ရေအေးဘယ်လောက်စင်စင်
ဘယ်သခင် ဘယ်လို
စောင့်ရှောက် စောင့်ရှောက်
ဘယ်စကားဘယ်လောက်ချိုချို
အမေ့ကိုတော့ မမှီနိုင်
နို့ရည်အိုင်ထဲက အမေ့သား
ဒါကြောင့်များ
အားရှိတယ်ထင်ရဲ့။
"အမေ" လို့
ခေါ်ရတဲ့ အရသာ
ရင်ခွင်မှာ လျှံဖိတ်
ကြည်နူးမှု ပီတိစိတ်တွေနဲ့
အိပ်ရတာ ပျော်တယ်အမေ။
အမေဆိုတာ အင်အား
အမေဆိုတာ ဉာဏ်ပညာ
အမေဆိုတာ မေတ္တာပင်လယ်
ကျယ်ပြောတဲ့ သည်စကား
အမေဆိုတဲ့
အားတစ်ခုတည်းနဲ့ပဲ
မမောနိုင်အောင်
ပြေးခဲ့တဲ့ခရီး
ဟော ခုတော့
တော်တော်ကြီးတောင်
ရောက်ခဲ့ပါပြီ အမေ။
အမေ့ကို သတိရ
ရွာပြန်လို့ လွမ်းကြတဲ့အခါ
ရွာဝက ပိတောက်ပင်ကြီး
ဆီးလို့သာ ပြုံးပြ
မောရာက ပျော်တယ်အမေ။
သည်မြေ သည်ရေ
သည်ယာမြေ စပါးတောမှာ
ပျော်မောခဲ့တဲ့ အမေ့ရဲ့မေတ္တာတရား
ဟော ခုထိ
သင်းသင်းလေးတောင်
ရှိသေးတာပါလား
ကျောင်းကြီးရယ်အို
ဆည်းလည်းသံ တချိုချိုနှင့်
ကပိုကယို ပွေ့ဖက်
မမေ့ရက်နိုင်တဲ့ အမေ့ရွာ
အမေ့မေတ္တာတွေ လွှမ်းလို့လေ။
ပြောလို့မကုန်တာ
အမေ့စကား
စီးဆင်း မကုန်တာ
အမေ့ မေတ္တာတရား
သားစားချင်တယ်ဆိုလို့
ရွာလယ်ကြားက သင်္ဘောပင်
လူမမြင်ခင် ရုတ်တရက်
ခိုးဝှက်ထွက်ပြေး
"သူခိုး" ဆိုပြီး ဝိုင်းရိုက်
ငိုက်ဆိုက်လဲနေတဲ့
အမေ့ရင်ခွင်
သားစားချင်ရှာတဲ့
သင်္ဘောသီးလေးတစ်လုံးပေါ့။
ရိုက်သူက သား
ရင်ခွင်ကြားမှာဝှက်ထားတဲ့
သင်္ဘောသီးနဲ့ အမေ
ဘယ်လောက်
ကြေကွဲနေလိုက်ရှာလိမ့်မလဲ
သားရင်ထဲက နင့်တယ်အမေ
သည်ဇာတ်လမ်းလေးကြားဖူး
မေတ္တာလူးတဲ့အမေ့ကို
သားဦးမချဘဲ
မနေနိုင်ပါဘူးအမေ။

ဆရာတော်ရေးထားတဲ့ ကဗျာကိုဖတ်ပြီး နားလည်ခံစားနိုင်ကြပါစေ။
ဇာတ်လမ်းအကြောင်းရေးထားတဲ့ အပိုဒ်ကိုတော့ မူရင်းဇာတ်လမ်းကို မကြားဖူး မနာဖူးရင် နားလည်နိုင်မယ်မထင်ဘူး။
ဆရာတော်ရဲ့အပြောအဟောက ကောင်းလွန်းတော့ ကျွန်တော်ဆိုရင် အဲ့ဒီဇာတ်လမ်းကို နာကြားရင် မျက်ရည်ကျမိတယ်။
ဇာတ်လမ်းအကျဉ်းကတော့
ရွာတစ်ရွာမှာ မုဆိုးမအမေအိုကြီးတစ်ယောက်နဲ့ သားလူပျိုပေါက် ၁၈ ၁၉ အရွယ်လူလိမ္မာလေးနှစ်ယောက်တို့ဟာ ခနော်နီ ခနော်နဲ့ ယိုင်တိုင်တိုင် တဲပုတ်လေးထဲမှာ ဆင်းရဲချို့တဲ့စွာနေထိုင်ကြပါတယ်။ သူတို့ဘဝဟာ ဆင်းရဲလွန်းလို့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘဝဖြစ်ပါတယ်။ သားလူပျိုပေါက်လေးက အတော့်ကိုလိမ္မာရှာပါတယ်။ အသက်မွေးဝမ်းကျောင်းပညာလည်း တစ်ခုမှမယ်မယ်ရရ သင်ကြားခွင့်မရခဲ့လေတော့ သူ့ခမျာရွာထဲမှာ တောက်တိုမယ်ရ အလုပ်တွေကို လိုက်ရှာပြီး ရတဲ့ငွေနဲ့ အသက်ဆက်ရတာပါ။ အညာဒေသရဲ့ထုံးစံအတိုင်း နေ့လည်ဖက်နေကလည်း အရမ်းကိုပူပြင်းလွန်းလှပါတယ်။ သားလုပ်တဲ့လူက နေ့လည်စာစားဖို့ အလုပ်ခဏနားခဲ့ပြီး အိမ်ကိုပြန်လာပါတယ်။ အိမ်ပြန်ရောက်တော့ အမေ့ကို ဘာစားစရာရှိလဲလို့မေးတော့ ငါ့သားရယ်ပုံမှန်ပဲပေါ့ မင်းမနက်ကချက်သွားခဲ့တဲ့ ထမင်းကြမ်းခဲနဲ့ ငါးပိရေ၊တို့စရာပဲပေါ့လို့ ပြောပြီးထမင်းပွဲပြင်ပေးပါတယ်။ သားကလည်း ဗိုက်စာစာနဲ့စားပြီးတော့ အမေရယ် အညာနေကလည်း ပူလှပါရဲ့ အခုချိန်များ သင်္ဘောသီးမှည့်မှည့်လေး တစ်စိတ်လောက် စားလိုက်ရရင်ကောင်းမှာပဲလို့ ညည်းပါတယ်။ အဲ့အချိန်မှာ အမယ်အိုရဲ့စိတ်ထဲမှာ င့ါမှာဒီလောက်လိမ္မာပြီး မိဘအပေါ်ကျေးဇူးသိတတ်တဲ့ သားလေးတစ်ယောက်ရထားပါရက်နဲ့ သင်္ဘောသီးလေးတစ်စိတ်တလေတောင်မှ မကျွေးနိုင်ဘူးဆိုပြီး အတော်ဝမ်းနည်းရှာသွားပါတယ်။ သားညနေအလုပ်ကပြန်လာတော့ သူတို့အိမ်က ကင်းစောင့်ဖို့အလှည့်ကျပါတယ်။ လူငယ်လည်း ရေချိုး၊ထမင်းစားပြီး အမေ့အတွက် အိပ်ယာပြင်ပေး ရေနွေးကြမ်းပြင်ပေးပြီး ကင်းစောင့်ဖို့ထွက်သွားပါတယ်။ အမယ်အိုကြီးကလည်း အသက်ကကြီးပြီဆိုတော့ နံနက်နာရီပြန် ၁ ချက်ထိုးလောက်မှာ တရေးနိုးပါတယ်။ အဲ့မှာ သူ့အိပ်ယာဘေးမှာ အသင့်ပြင်ပေးထားတဲ့ ရေနွေးကြမ်းအိုးကို ငှဲ့ပြီးသောက်ပါတယ်။ သောက်နေရင်းနဲ့ သူက နေ့လည်ကသားပြောခဲ့တာကို သွားသတိရပါတယ်။ ပြီးတော့ရွာလယ်ထဲက သူကြီးအိမ်ခြံထောင့်သင်္ဘောပင်မှာ သီးနေတဲ့ သင်္ဘောသီးမှဲ့တွေကို သွားပြီး သတိရတယ်။ ငါ့တစ်သက်နဲ့တစ်ကိုယ် ငါးပါးသီလကို လုံအောင်ထိန်းခဲ့တယ်။ ဒါပေမယ့် လိမ္မာတဲ့သားလေးကို သင်္ဘောသီးကျွေးနိုင်ဖို့အတွက် ငါအာဒိန္နာဒါနကံကို ကျူးလွန်အံ့ဆိုပြီး စောင်အမဲကြီးကို ကိုယ်မှာခြုံပြီးတော့ တန်ချူပါတဲ့ ဝါးလုံးကိုထမ်းပြီး ရွာလယ်လမ်းထဲကိုဝင်သွားပါတယ်။ အသက်ကလည်းကြီး မျက်စိကလည်းမှုန်ဆိုတော့ ဒီကြားထဲ ဝါးလုံးကြီးကိုထမ်းထားရသေးတယ်ဆိုတော့ ယိုင်တိယိုင်တိုင်နဲ့ မလဲအောင်ထိန်းပြီး လမ်းလျှောက်သွားတဲ့ပုံကို မျက်စိထဲမြင်ယောင်ကြည့်ကြပေါ့။ သူကြီးခြံထောင့်ရောက် သင်္ဘောသီးကို ဝါးလုံးနဲ့ထိုးချ မရတော့ ဝါးလုံးကိုအပင်မှာမှီထားပြီး ပင်စည်ကိုလှုပ်ချတော့ ကံကောင်းထောက်မပြီး မှည့်နေတဲ့ သင်္ဘောသီးတစ်လုံးကျွေကျ တော့ကောက် ရင်ခွင်ထဲပိုက်ပြီး စောင်ကြီးခြုံလို့ ကုန်းကုန်းနဲ့ အိမ်ကိုပြန်လာတာပေါ့။ ဝါးနှစ်ပြလောက်လည်းရောက်ရော စောစောကမှီထားတဲ့ ဝါးလုံးကလဲပြီး သူကြီးအိမ်ခေါင်မိုးကို ဒိုင်းခနဲသွားရိုက်တော့ သူကြီးလည်းလန့်နိုးပြီး သံချောင်းခေါက် "ဟေ့ သူခိုး ဟေ့ သူခိုး" ဆိုပြီးအော်တာပေါ့။ ရွာသားတွေကလည်း သူကြီးအိမ်ကိုတောင် ကပ်ရဲတဲ့သူခိုးမိလို့ကတော့ အသေပဲဆိုပြီး ဓါးတွေ၊လှံတွေကိုင်ပြီးလိုက်ကြတာပေါ့။ အမယ်အိုကြီးက အိမ်ကလည်း ရောက်ခါနီးပြီ အနောက်မှာကလည်း လိုက်လာကြပြီဆိုတော့ သူလည်းသင်္ဘောသီးကြီးပိုက် စောင်ကြီးခြုံပြီး ကုန်းကုန်းနဲ့ ခက်သွက်သွက်ပြေးတာပေါ့။ ကံဆိုးစွာပဲ အရှေ့တည့်တည့်မှာ ကင်းလှည့်တဲ့အဖွဲ့နဲ့တိုးပြီး ကင်းသမားတစ်ယောက်က ဝါးရင်းတုတ်နဲ့ရိုက်ထည့်လိုက်တာ ခေါင်းမှာသွေးတွေကိုဖြာခနဲထွက်ပြီး လမ်းပေါ်ကို ခွေခွေလေးလဲကျသွားတယ်။ အမယ်အိုရဲ့သားလူငယ်က ဒီနေ့သူကခေါင်းဆောင်ပြီး တာဝန်ကျတဲ့နေ့ဆိုတော့ ဒီသူခိုးကိုငါပဲရှင်းမယ်ဆိုပြီး အနီးကပ်သွား ဒူးထောက်ပြီး စောင်ကိုလည်းဖယ်လိုက်ရော ရင်ခွင်ထဲမှာ သင်္ဘောသီးပိုက်ထားတဲ့ သူ့အမေကို တွေ့ရပါတယ်။ အမယ်အိုက သူသားလည်းမြင်ရော တစ်လောကလုံးက ရှိသမျှလူတွေ ငါ့ကိုသူခိုးလို့ဝိုင်းပြောကြပါစေ၊ မင်းတော့ ငါ့ကိုသူခိုးဆိုပြီးမစွပ်စွဲလိုက်ပါနဲ့ ဆိုပြီး သင်္ဘောသီးကို သားလက်ထဲထည့်ပြီး ခေါင်းငိုက်စိုက်ကြကာ အသက်ဆုံးပါးသွားရရှာပါတယ်။ အလွန်ဝမ်းနည်းဖို့ကောင်းတာက စောစောကအမယ်အိုကို ရိုက်လိုက်တဲ့ကင်းသမားက အမယ်အိုရဲ့သားလူငယ်ဖြစ်နေတာပါပဲ။
အဲ့ဒီဇာတ်လမ်းလေးကိုကြားလိုက်ရတော့ စာရေးသူရင်ထဲ အမေ့မေတ္တာကို ဦးမချပဲမနေနိုင်ဘူးဆိုတဲ့အကြောင်းကိုဆက်ဆိုထားခြင်းဖြစ်ပါတယ်။
ဆရာတော်က မိဘကျေးဇူးဆက်ဖို့ ခက်ကြောင်းကိုလည်းဟောကြားပါတယ်။ အချက် ၅ ချက်ရှိပါတယ်။
၁။ သူလည်းရှိပါမှ
၂။ ကိုယ်လည်းရှိပါမှ
၃။ ပစ္စည်းလည်းရှိပါမှ
၄။ စေတနာလည်းရှိပါမှ
၅။ ကိုယ့်အပေါ်လည်းမှီခိုပါမှ
ဆိုတဲ့အချက် ၅ ချက်ပဲဖြစ်ပါတယ်
ထိုကဲ့သို့ ဆက်ရခက်သောမိဘကျေးဇူးကို ဆက်နိုင်သော သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်နိုင်ကြပါစေ။

အမြဲလေးစားလျှက်
စိုးမိုးသိန်း

Comments

Phung Nguyen said…
hi impressive blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

Popular posts from this blog

အပြစ်ဟူသည်

The awakening of a society

Travel Diary 1.5