အတွေးလွန်

မနေ့က စာပေဟောပြောပွဲမှာ ဆရာမဂျူးပြောသွားတာလေးကို သဘောကျမိလို့ ပြန်လည်ဖော်ထုတ်လိုက်ပါတယ်။ပုံပြင်လေးတစ်ပုဒ်ပါ။တခါတုန်းက ငှက်တွေအားလုံး အမြင့်ဆုံးနဲ့ အဝေးဆုံးပျံနိုင်တာကို ပြိုင်ကြတယ်။ပြိုင်ပွဲမစမီ လင်းယုန်ငှက်ကြီးပဲ အနိုင်ရမယ်လို့ ကောလဟာလထွက်နေတာပေါ့။

တကယ်ပြိုင်တော့လည်း လင်းယုန်ငှက်ကပဲ ဦးဆောင်နေတယ်။လင်းယုန်ငှက်က သူ့အတတ်နိုင်ဆုံး ပျံပြီးသွားတော့ ပင်ပန်းနေပြီ။အဲ့အချိန်မှာ သူ့ရဲ့အတောင်ပံအောက်မှာ ခိုပြီးလိုက်လာတဲ့ နှံပြည်စုတ်ငှက်က ထပျံပြီး အမြင့်ဆုံးနဲ့ အဝေးဆုံးကို ရောက်ပြီးအနိုင်ရသွားပါတယ်။

ဆရာမပြောချင်တာကတော့ ကိုယ့်မှာအမှီကောင်းရှိပြီး အဲ့အမှီကောင်းကို ကောင်းကောင်းအသုံးချနိုင်ရင် လိုရာကိုရောက်နိုင်တယ်ဆိုတာကို ပြောလိုခြင်းဖြစ်ပါတယ်။ဆရာမဆိုလိုချင်တဲ့အတိုင်းပဲ တွေးဖြစ်ကြရင်တော့ တော်တော်လေးကို ကောင်းပါတယ်။ကျွန်တော့အနေနဲ့ နည်းနည်းအတွေးလွန်သွားတော့ ဒုက္ခရောက်ကုန်ပါတယ်။ကျွန်တော်တွေးမိတာက ဆရာမက ငှက်တွေပြိုင်ပွဲဝင်တယ်ဆိုတော့ ပြိုင်ပွဲမှာ စည်းကမ်းဆိုတာတော့ ရှိစမြဲပဲပေါ့။ပြီးတော့ကိုယ့်ငှက်အမျိုးရဲ့ဂုဏ်ကို ဖော်ဆောင်တဲ့ပွဲလည်း ဖြစ်ပြန်ဆိုတော့ သူများအားကိုသုံးပြီး အမြင့်ဆုံး၊အဝေးဆုံးဆိုတဲ့ နေရာကိုရောက်နေမှ ထပျံတဲ့နှံပြည်စုတ်ငှက်က အနိုင်ရသွားတာကို ကျွန်တော်တွေးမိပြီး တော်တော်ဘဝင် မကျဖြစ်မိပါတယ်။ကျွန်တော်သာ အဲ့ဒီပြိုင်ပွဲရဲ့ ဒိုင်လူကြီးဖြစ်ခဲ့မယ်ဆိုရင် နှံပြည်စုတ်ကို အနီကဒ်ပြပြီး ပြိုင်ပွဲမှပယ်ပြီး လင်းယုန်ငှက်ကိုပဲ ပထမပေးမိမှာဖြစ်ပါတယ်။

ပြီးတော့ နောက်တစ်ခုစဉ်းစားမိတာက အဲ့ဒီလိုသူများအားကိုးပြီး အမြင့်ဆုံး၊အဝေးဆုံးရောက်နေတဲ့ နှံပြည်စုတ်လို ငှက်သေးသေးလေးက လင်းယုန်ငှက်ရဲ့ တောင်ပံအောက်က ထွက်လိုက်တာနဲ့တပြိုင်နက်ဒီထက်ပိုမြင့်၊ ပိုဝေးအောင် ပျံဖို့ နေနေသာသာ လေထုရဲ့ဒဏ်ကို မခံနိုင်ပဲ လွင့်စဉ်ပျောက်ကွယ်ပြီး အသက်ဆုံးရှုံးနိုင်တဲ့ အထိဖြစ်သွားနိုင်တယ်လို့ ကျွန်တော်ပိုပိုသာသာ အတွေးနယ်ချဲ့မိပါတယ်။
အားလုံးနီးပါး ဆရာမဆိုလိုချင်တဲ့အတိုင်း တွေးမိပြီး မိမိလိုချင်တဲ့ ပန်းတိုင်ကို ဆွတ်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
အမှန်တော့ အမှီဆိုတာ တကယ်ကို အရေးကြီးပါတယ်။

အမြဲလေးစားလျှက်
စိုးမိုးသိန်း

Comments

Popular posts from this blog

အပြစ်ဟူသည်

ဘဝဟာ တည့်တည့်ကလေးထောင်ထားတဲ့ လောင်ကျွမ်းနေသော စီးကရက်လေးတစ်လိပ်

ကိုဗစ်ကာလ အလုပ်တွေကများ