ဘဝဟာ တည့်တည့်ကလေးထောင်ထားတဲ့ လောင်ကျွမ်းနေသော စီးကရက်လေးတစ်လိပ်

ဘဝဟာ တည့်တည့်ကလေးထောင်ထားတဲ့ လောင်ကျွမ်းနေသော စီးကရက်လေးတစ်လိပ်
သူ့အတိုင်းလေးထောင်ထားရင် အငွေ့လေးတလူလူနဲ့လောင်ကျွမ်းနေရော
လောင်ကျွမ်းပြီးသားအပေါ်က ပြာတောင့်လေးက စီးကရက်လေးရဲ့ ဖြစ်ပြီးသားအတိတ်
မီးခိုးငွေ့တွေ့က ဖြစ်စဉ်
ပေါ်လာပြီးအဝေးတစ်နေရာကို လွင့်ပြည်ပျောက်သုဉ်းသွားပြီး
အမှတ်ရစရာလေးတွေကိုတော့ ပြာတောင့်အဖြစ် ထိန်ချန်ထားပေးခဲ့တယ်

လေပြည်ညှင်းက အချိန်ပေါ့
စီးကရက်လေးကို တစ်စစနဲ့တိုက်စားသွားတာ
အောက်စီဂျင်ကိုတစ်ခါတစ်ခါမုန်းမိပါရဲ့
တစ်ခါတစ်ခါလည်းကျေးဇူးတင်မိပါရဲ့
သူ့ကြောင့် ပျော်စရာအချိန်လေးတွေ ရောက်လာသလို
သူ့ကြောင့်ဘဲ ပျော်စရာအချိန်လေးတွေ ကုန်ဆုံးသွားတယ်
သူ့ကြောင့် ဝမ်းနည်းစရာအချိန်လေးတွေ ရောက်လာသလို
သူ့ကြောင့်ဘဲ ဝမ်းနည်းစရာအချိန်လေးတွေ ကုန်ဆုံးသွားတယ်
ပျော်စရာအချိန်ရောက်တဲ့အခါ အောက်စီဂျင်ကို ခဏလောက်လျှော့ပေးလို့ရရင်
ဝမ်းနည်းစရာအချိန်ရောက်တဲ့အခါ အောက်စီဂျင်ကို ခဏလောက်တိုးပေးလို့များရခဲ့ရင်

ပျော်စရာဘဲဖြစ်ဖြစ် ဝမ်းနည်းစရာဘဲဖြစ်ဖြစ် အမှတ်တရဖြစ်ခဲ့ရင်
ပြာတောင့်ကလေးကတော့ သစ္စာရှိစွာထားပေးလျှက်

မုန်းစရာအကောင်းဆုံး ကတော့လေပြင်းဘဲ သူများတစ်ချက်လောက်
တိုက်လိုက်ပြီဆိုရင် အမှတ်ရစရာအားလုံးကို မှတ်ကျောက်တင်ပေးထားတဲ့
ပြာတောင့်လေးက ဘယ်ရောက်လို့ ဘယ်လွင့်သွားလေလည်း
သူတစ်ချက်လောက် တိုက်လိုက်ရင် စီးကရက်ကလေးခမျာ အငွေ့တလူလူနဲ့
တစစလောင်ကျွမ်းနေရာက အငွေ့တထောင်းတထောင်းနဲ့ နှစ်ဆသုံးဆ
လေးငါးခြောက်ဆလောက်ကို လောင်ကျွမ်းသွားတာ
ကြောက်ဖို့ကောင်းလှသော စပ်ဆုတ်ဖို့ကောင်းလှသော ကိုလေပြင်း
အိုမင်းရင့်ရောခြင်းများစွာကို ယူဆောင်ပေးသော ကိုလေပြင်း
လေပြင်းဆိုတာ လောင်ကျွမ်းနေတဲ့ စီးကရက်လေးဘဝမှာ တစ်ခါလောက်တော့တိုက်စမြဲ
ကိုလေပြင်း မတိုက်ပါနဲ့လို့ဆုတောင်းလို့ရခဲ့ရင်

လူ့စိတ်က စီးကရက်လေးရဲ့အစီခံလား?
စိတ်သာအစီခံဖြစ်ခဲ့ရင်?
စီးကရက်ထဲကဆေးသားတွေကကော?
သူတို့တွေက ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း ဆိုတဲ့ဖြစ်စဉ် အငွေ့လေးတွေကို
အချိန်လေပြည်ညှင်းနဲ့ပေါင်းပြီး ပုံဖော်ပေးနေတာပေါ့
ဆေးသိပ်ပေးတဲ့စက်တွေက ဘာလို့ပျော်ရွှင်ခြင်းဆေးသားလေးတွေချည်း မဖြည့်ပေးခဲ့တာလဲ?

ဘေးမှာပတ်ထားတဲ့စက္ကူအဖြူလေးကကော?
အော်သူကတော့ စီးကရက်လေးတစ်ထောင့်ရဲ့ဘဝကို ဖြစ်လာဖို့အတွက်
ဘေးကနေထိန်းပေးထားတဲ့ လောကအသိုင်းအဝိုင်းလို့ ပြောရမယ်နဲ့တူတယ်
သူ့က တော်တော်အရေးပါတယ်လို့ပြောရမယ်
ဆေးသိပ်တဲ့စက်တွေက ပျော်စရာဆေးတွေချည်း သိပ်ပေးခဲ့မယ်ဆိုရင်တောင်
သူမကောင်းခဲ့ရင် ကောင်းစွာလောင်ကျွမ်းနိုင်မှာမဟုတ်ဘူး

အဲ့ဒါဆိုစီးကရက်လေးရဲ့မိဘတွေကကော?
အော်လောင်ကျွမ်းနေတဲ့စီးကရက်လေးပါဆို သူ့မိဘတွေက မီးခြစ်နဲ့မီးညှိပေးတဲ့သူတွေပေါ့
သူတို့သာမစခဲ့ရင် စီးကရက်ဟာ စီးကရက်ပဲပေါ့
လောင်ကျွမ်းနေတဲ့စီးကရက်သာ ဘဝလို့ပြောထားတာကို
အဲ့တော့သူတို့ကလည်း အရေးပါတာပေါ့

ဒါနဲ့မီးခြစ်က အမေလား?အဖေလား?
မီးညှိတဲ့သူက အမေလား?အဖေလား?
မီးခြစ်ကို လူကထွင်တာ
မီးညှိတဲ့သူက လူဆိုတော့ ပိုပြီးခရာကျတယ်
လူဆိုတာက အမေလည်းဟုတ်တယ် အဖေလည်းဟုတ်တယ်
အဲ့ဒါဆိုမီးခြစ်က ဘာကြီးလဲ?
မီးခြစ်က သန္ဒေသားနဲ့တူတယ်
ဟုတ်တယ်လေ သန္ဒေသားကလည်း လူကဖြစ်တာပဲကိုး
ထားလိုက်ပါတော့

သေချာတာကတော့ စိတ်ကအစီခံပဲ
ဘာလို့လဲ?
အစီခံဟာ စီးကရက်လေးရဲ့အခြေခံပဲလေ
ဘုရားဟောအရဆိုရင် ပုထုဇဉ်မှန်သမျှဟာ သံသရာစက်ဝင်းထဲမှာ လည်နေတာလေ
အစီခံကစီးကရက်ဘဝလေး ကုန်ဆုံးသွားရင်တောင် သူကကျန်နေတယ်လေ
ပြီးတော့ စီးကရက်ကုန်သွားရင် လေပြင်းကံကောင်းထောက်မစွာ မတိုက်ခဲ့ဘူးဆိုရင်တောင်
အမှတ်ရစရာပြာတောင့်ကလေး ဒီအတိုင်းထောင်လျှက်မကျန်နိုင်ဘူး
သူ့အလိုလိုပြိုလဲပြီး ကွယ်ပျောက်သွားရော
ဒါပေမယ့် အစီခံလေးမှာတော့ အရိပ်လေးကျန်ခဲ့တယ်

သံသရာဆိုတာကတော့ အဲ့အရိပ်ကျန်နေတဲ့ အစီခံလေးကို
ပြန်ပြီးဆေးသိပ် မီးညှိပြီး ပြန်ဖြစ်နေတဲ့သဘောပေါ့
ဆေးသိပ်တဲ့သူကလည်း အဲ့အစီခံလေးမှာ ကျန်နေတဲ့အရိပ်လေးကို
ဖတ်ပြီးပြန်သိပ်တာနေမှာပေါ့

ရေးရင်းရေးရင်းနဲ့ ပိုပိုဝေးသွားသလိုခံစားရတယ်
အချစ်အတွက်ခံစား ပြီးရေးနေရာက ဘာတွေပါလာမှန်းကိုမသိဘူး
အားလုံးပါတယ် အချစ်တစ်ခုတည်းကျန်ခဲ့တယ်
စီးကရက်မှာရှိတဲ့ အချစ်ရဲ့အဓိပ္ပာယ် ကိုဖွင့်ရရင်
စီးကရက်လိပ်လေးတစ်လိပ်မှာရှိနေတဲ့ မညီညာတဲ့အစိတ်အပိုင်းလေးတွေ ဖြစ်မယ်နဲ့တူတယ်
စီးကရက်တစ်လိပ်မှာမညီညာတဲ့အပိုင်း တစ်ခုထပ်ပိုပါနိုင်တယ်
မပါတာလည်းဖြစ်နိုင်တယ်

အချစ်ဟာ ချိုလား ချဉ်လား ဖန်လား ခါးလား ငံလား စပ်လား ဒါမှမဟုတ်
တခြားအရသာတမျိုးမျိုးလားဆိုတာကို လောလောဆယ်မသိနိုင်ဘူး
လေပြည်ညှင်းဆိုတဲ့အချိန် တိုက်စားတာကို စောင့်ဖို့လိုမယ်
အဲ့မညီညာတဲ့အပိုင်းလေးမှာ လောင်ကျွမ်းတော့မှ သူ့အဓိပ္ပါယ်ကို ဖော်လို့ရလိမ့်မယ်
ပြီးတော့လူ့စိတ်လို့ ပြောခဲ့တဲ့အစီခံလေး ကလည်း စီးကရက်တလိပ်လုံးရဲ့
အောက်တည့်တည့်မှာဆိုတော့ အစီခံလေးကလည်း ဒီအချစ်ဆိုတဲ့အရာ
ဘယ်အချိန်မှာ ဘယ်လိုပေါ်လာမလဲ ဆိုတာကို မသိနိုင်ဘူးပေါ့

အဲ့မညီညာတဲ့အစိတ်အပိုင်းလေး လောင်ကျွမ်းလို့ ဖြစ်ပေါ်လာတဲ့
ဖြစ်စဉ်အငွေ့လေးတွေကို ကြည့်ပြီး သူလည်းအဓိပ္ပါယ်ဖော်ရမယ်နဲ့တူတယ်
ဒါပေမယ့်တခါတရံ သူလည်းလွဲချော်နိုင်တယ်
အချစ်ဆိုတာကို အချစ်မှန်းမသိတာ ဒါမှမဟုတ်အခြားတစ်ခုခုကို
အချစ်လို့ တလွဲအယူမှားတာမျိုးပေါ့
အဲ့ဖြစ်ပေါ်လာတဲ့အငွေ့ဖြစ်စဉ်လေးတွေကို သူကအချစ်လို့ ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ
သူ့ကို ဘယ်သူကမှာ ဟေ့ကောင် ဒါအချစ်ရဲ့ မီးခိုငွေ့ဖြစ်စဉ်လို့မှ မပြောခဲ့တာ
ကဲထားပါတော့ အဲ့ဒါဆိုအချစ်ဟာ ခဏတာလောင်ကျွမ်းပြီးပျောက်သွားတယ်
ဒါမှမဟုတ်ပြာတောင့်အဖြစ် ကျန်ခဲ့တယ် ပြောရမယ်ဆိုရင်
အဲ့ပြာတောင့်ကလည်း လေပြင်းတိုက်ရင် ပျောက်နိုင်တာပဲ
အဲ့ဒါဆိုအချစ်ဟာ ဘဝတစ်ခုမှာပျောက်နိုင်တယ်ပေါ့?
ပြီးတော့အချစ်ဟာ မညီညာတဲ့အစိတ်အပိုင်းဆိုတော့ တစ်ခုထပ်ပိုနိုင်တယ်ပေါ့
ဒါမှမဟုတ် ဘဝတစ်ခုမှာ မရှိတာလည်း ဖြစ်နိုင်တယ်ပေါ့

တော်တော်တော့ခက်တယ်နော်
အခုထိလည်းအဖြေရှာ‌‌နေဆဲ
အော်ဒါနဲ့ လူတွေဘာကြောင့် စီးကရက်သောက်ကြလဲ သိပြီလား
စီးကရက်ဟာ လူ့ဘဝနဲ့နီးစပ်လို့လေ
စီးကရက်ကိုဘဲသောက်နေမိလျှက်

အမြဲလေးစားလျှက်
စိုးမိုးသိန်း

Comments

Popular posts from this blog

အပြစ်ဟူသည်

ကိုဗစ်ကာလ အလုပ်တွေကများ